ရန်ကုန်   ဧပြီ    ၂၆

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စန်ရှီးပြည်နယ် ရှီအန်းမြို့၌ ဧပြီ ၂၄ ရက်မှ ၂၅ ရက်အထိ ကျင်းပသည့် အာရှယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ရေးဆိုင်ရာ မဟာမိတ်အဖွဲ့တည်ထောင်သည့် အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ယနေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံမှ လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။

 

ပြည်ထောင်စုဝန်ကြီးအား တရုတ်နိုင်ငံသံရုံးနှင့် သာသနာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာနမှ  တာဝန်ရှိသူ များက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌  ကြိုဆိုနှုတ်ဆက်ကြသည်။

 

အာရှယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ရေးဆိုင်ရာ မဟာမိတ်အဖွဲ့ တည်ထောင်သည့် အစည်းအဝေး တွင် မြန်မာနိုင်ငံသည် မူလအဖွဲ့ဝင်နိုင်ငံများ၏ သဘောတူညီချက်အရ မဟာမိတ်အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံနှင့် အတူ သီရိလင်္ကာနိုင်ငံနှင့် အဇာဘိုင် ဂျန်နိုင်ငံတို့လည်း အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ကြသည်။ အဆိုပါ အစည်းအဝေးသို့ မူလအဖွဲ့ဝင်(၁၀) နိုင်ငံအပြင် လေ့လာသူနိုင်ငံများအဖြစ် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ တာဂျစ်ကစ်စတန်နိုင်ငံ၊ ဥဇဘတ်ကစ်စတန်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့ တက်ရောက်ခဲ့ကြသည်။

 

မဟာမိတ်အဖွဲ့ကောင်စီ အစည်းအဝေးတွင် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အဖွဲ့ဝင်နိုင်ငံအသစ် အနေဖြင့်လည်းကောင်း၊ မဟာမိတ် အဖွဲ့ တည်ထောင်မှု အခမ်းအနားတွင် အဖွဲ့ဝင်နိုင်ငံ၏ ယဉ်ကျေးမှုဝန်ကြီး အနေဖြင့်လည်း ကောင်း မိန့်ခွန်းပြောကြားခဲ့သည်။

 

ယင်းအစည်းအဝေးတွင် တက်ရောက်လာသော အဖွဲ့ဝင် နိုင်ငံများက အာရှယဉ်ကျေးမှု အမွေအနှစ်များ မဟာမိတ်အဖွဲ့ စည်းမျဉ်းစည်းကမ်းမူကြမ်းများကို အတည်ပြုခြင်း၊ ၂၀၂၃-၂၀၂၄ လုပ်ငန်းစဉ်ကို ဆွေးနွေးခြင်း၊ မဟာမိတ်အဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် ရွေးချယ်ခြင်းနှင့်  ရှီအန်းကြေညာချက် အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီး၊ ဒုတိယဝန်ကြီးတို့နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံအကြား ယဉ်ကျေးမှုနှင့် ရှေးဟောင်းသုတေသနကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စ ရပ်များကို ဆွေးနွေးခဲ့ကြသည်။

 

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် H.E SHEN Yiqin၊ နိုင်ငံတော် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဗျူရိုမှ တာဝန်ရှိသူများ၊ စန်ရှီးပြည်နယ် ပါတီအတွင်းရေးမှူး၊ အုပ်ချုပ်ရေးမှူး၊ ဒုတိယအုပ်ချုပ်ရေးမှူးနှင့် ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

 

မြန်မာနိုင်ငံအနေဖြင့် အာရှယဉ်ကျေးမှုအမွေအနှစ်များ  မဟာမိတ်အဖွဲ့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခြင်းဖြင့် အာရှတစ်ဝန်းရှိ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးနယ်ပယ်တွင် ပူးပေါင်း ဆောင်ရွက်မည့် စီမံကိန်းများဖြစ်သည့် အမွေအနှစ်နေရာဒေသများ ထိန်းသိမ်းခြင်းနှင့် ပြန်လည် ထူထောင်ခြင်း၊ ပြတိုက်အချင်းချင်းဖလှယ်ခြင်း၊ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်များ  အမည်စာရင်း တင်သွင်းခြင်း၊ ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း၊ ယဉ်ကျေးမှု အမွေအနှစ်များ တရားမဝင်တင်သွင်းခြင်းနှင့် တင်ပို့ခြင်းတို့ကို တားဆီးခြင်း၊ ဒေသတွင်း ပျောက်ဆုံးသွားသော ယဉ်ကျေးမှုပစ္စည်းများ ပြန်လည်ရရှိမည့် အစီအစဉ်များ၌ နိုင်ငံတကာဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ရရှိနိုင်မည်ဖြစ်သည်။

(သတင်းစဉ်)