နေပြည်တော်၊    ဧပြီ  ၂၆

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ်တွင် လေဆင်နှာမောင်းတိုက် ခတ်မှုဖြစ်ပွား ခဲ့သော တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာတို့မှ ဒေသခံရွာသူရွာ သားများကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာများတွင် ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့် တက်ရောက်ခဲ့ပြီး လေဘေးသင့်ပြည်သူများကို အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားသည်။ 

 

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် တံတားဦးကျေးရွာမှ အိမ်ထောင်စု (၉၆) စုနှင့် အောင်မြင်ကုန်းကျေးရွာမှ အိမ်ထောင်စု (၁၆၉) စု စုစုပေါင်း အိမ်ထောင်စု (၂၆၅) စုအတွက် အိမ်ထောင်စု (၁) စုလျှင် ဆန် (၆) ပြည် အိတ် (၁) အိတ်၊ ဆီ (၅၀) ကျပ်သား (၁) ဗူး၊ ခေါက်ဆွဲခြောက် (၁၂) ထုပ်၊ ငါးသေတ္တာ (၃) ဗူး တို့ကို ထောက်ပံ့ပေးအပ်သည်။ 

 

အဆိုပါပေးအပ်ပွဲသို့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်တင်လေး၊ အချိန်ပြည့်အလုပ် အမှုဆောင် ဒေါက်တာဒေါ်ရီရီတင်၊ နေပြည်တော်ကြက်ခြေနီကြီး ကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ချို၊ အသင်းဌာနချုပ် ဒုတိယအထွေထွေအတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက် ရောက်ခဲ့ကြသည်။ 

 

အဆိုပါ လေဆင်နှာမောင်း တိုက်ခတ်မှုဖြစ်ပွားခဲ့သော ဧပြီ ၂၁ ရက် ညနေပိုင်းကလည်း နေပြည်တော်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် အဆိုပါကျေးရွာများသို့ အချိန်နှင့်တပြေးညီ သွားရောက်ခဲ့ပြီး အပျက်အစီးများကို ကူညီရှင်းလင်းပေးခြင်း၊ ရွာသူ/သားများ ဘေးလွတ် ရာသို့ရွေ့ပြောင်းရာတွင် ကူညီ ခြင်း၊ မိသားစုချင်း အဆက်အသွယ်ရရှိစေရန် ဆောင်ရွက်ပေးခြင်း၊ ထိခိုက်ဒဏ်ရာရရှိသူများကို ရှေးဦးပြုစု စောင့်ရှောက်ပေးခြင်း၊ ဆေးရုံများသို့ ဆက်လက်ပို့ဆောင်ရန် လိုအပ်သည့် လူနာများကို ကြက်ခြေနီ လူနာတင်ယာဉ်များဖြင့် ပို့ဆောင်ပေးခြင်း စသည့် လူမှုကရုဏာအကူအညီ ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)