နေပြည်တော် ဧပြီ ၂၆
မေ (၁) ရက်တွင်ကျရောက်သည့် အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့ ဆေးရုံကြီး (ခုတင်-၁၀၀၀) နေပြည်တော်၌ အလုပ်သမားဝန်ကြီးဌာနမှ ဝန်ထမ်းများစုပေါင်း၍ သွေးလှူဒါန်းပွဲ ကျင်းပရာ အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် အားပေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များသည် သွေးလှူရှင်ဝန်ထမ်းများကို ဆေးဝါးများနှင့် အာဟာရပစ္စည်းများပေးအပ်၍ ဝန်ထမ်းများစု ပေါင်းသွေးလှူဒါန်းနေမှုကို ကြည့်ရှုအားပေးသည်။ ယင်းနောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်သည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲတွင် အလုပ်သမားဝန်ကြီးဌာနမှ ဝန်ထမ်း (၆၀) စုပေါင်းသွေးလှူ ဒါန်းခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)