နေပြည်တော်   ဧပြီ  ၂၆

 

ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများရှိ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်း ဆောင်ရွက်မှုနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းခန်းမ၌ Hybird Format  ဖြင့် ကျင်းပသည်။

 

အခမ်းအနားသို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ ဌေးအောင်၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကော်မရှင်ရုံးမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်က ကော်မရှင်အနေနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် အဓိကအားဖြင့် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်း စစ်ဆေးအရေးယူခြင်းတို့ကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေအရ စုံစမ်းစစ်ဆေးအရေး ယူခြင်းထက် အသိပညာပေးခြင်းနှင့် ကြိုတင်တားဆီးကာကွယ်ခြင်းသည် အရေးကြီးကြောင်း ။

 

တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဖွဲ့စည်းထားသည့် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) အဖွဲ့များတွင် ပညာရေးကဏ္ဍမှ ဝန်ထမ်းများပါ ပါဝင်ဖွဲ့စည်း ထားသင့်ကြောင်း၊ CPU အဖွဲ့များအနေဖြင့် ဌာနနှင့်စပ်လျဉ်း၍ ဖြစ်ပေါ်လာသည့် အခြေအနေများအပေါ် ပြန်လည်ဖြေရှင်းဆောင်ရွက်ရာတွင် အချိန်နှင့် တပြေးညီဖြစ်ရန် လိုအပ်ကြောင်း၊ CPU ၏ လုပ်ငန်းတာဝန် (၃) ရပ်ဖြစ်သည့် ဌာနအလိုက် လာဘ်ပေးလာဘ်ယူမှုနှင့် သက်ဆိုင်သော အဂတိလိုက်စားမှု ပြဿနာများကို စိစစ်ဖော်ထုတ်ရန်၊ တွေ့ရှိလာသောပြဿနာများကို ဥပဒေနှင့်အညီဖြေရှင်းရန်၊ အဂတိလိုက်စားမှု ဆက် လက် မဖြစ်ပေါ်စေရေးအတွက် တားမြစ်ထိန်းချုပ်သွားရန် စသည်တို့ကို ထိရောက်စွာဆောင်ရွက်ရန် လိုအပ်ကြောင်း။

 

ပြည်သူအားလုံးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာဗဟုသုတများပြည့်ဝပါက အဂတိ လိုက်စားမှု လျော့နည်းအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းသည် တစ်ဦးကောင်း၊ တစ်ယောက်ကောင်းဖြင့် ဆောင်ရွက်၍ရသည့်ကိစ္စမျိုး မဟုတ်ဘဲ နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးတွင်ရှိသည့် တစ်ဦး တစ်ယောက်ချင်းစီကစပြီး အဖွဲ့အစည်းများအထိပါ ပူးပေါင်းဆောင်ရွက်ကြရမည့် လုပ်ငန်းမျိုးဖြစ်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူပြီး အတူတကွလက်တွဲ၍ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတော်အစိုးရက ဦးတည်ဆောင်ရွက်နေသည့် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်ကို ဖော်ဆောင်သွား နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် ကော်မရှင်အတွင်းရေးမှူးက အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ CPU  အဖွဲ့ခေါင်းဆောင်များက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက် ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များနှင့် သုံးသပ်ချက်များကို ဆွေးနွေးတင်ပြကြ သည်။

 

ဆွေးနွေးမှုများအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ်များက ပြန်လည်ရှင်းလင်းကြပြီး ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်က လိုအပ်သည်များကို ထပ်မံဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)