ဘားအံ ဧပြီ ၂၆
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာ ကျိုက်ပံကရုံ စေတီတော်ပရဝုဏ် (ဂျိုင်းမြစ်) ကမ်းပြိုကာကွယ်ရေးလုပ်ငန်း အပိုင်း(၁)နှင့်(၂) ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ(၁၁) ကရင်ပြည်နယ်ဦးစီးမှူးရုံး ညွှန်ကြားရေးမှူး ဦးလှမိုးက Bored Pile အခြေပြု ကျောက်စီမြေထိန်းတမံ ဆောင်ရွက်သည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က မိုးတွင်းကာလ၌ မြစ်ရေ/ချောင်း ရေတိုက်စားခံရမှုကြောင့် ကမ်းဘေးရှိမြို့ရွာများတွင် ကမ်းပါးပြိုကျမှုများ ကြုံတွေ့ရပြီး လူနေအိမ်များ၊ ဘာသာရေးအဆောက်အဦ ဘုရားစေတီပုထိုးများ၊ စာသင်ကျောင်းများနှင့် လယ်ယာမြေ ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ရလေ့ရှိသည့်အတွက် ကြိုတင်ကာကွယ်ဆောင်ရွက်သင့်သည့် ကမ်းပြို ကာကွယ်ရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် လျာထားအကောင်အထည်ဖော် ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ဧပြီ ၂၅ ရက်က ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ် (တံတားကျိုး)လမ်းပေါ်ရှိ တံတားအထူးအဖွဲ့(၁၄)မှ တာဝန်ယူတည်ဆောက်သော တံတားအမှတ်(၂/၃၀) အရှည် ၈၀ ပေ ၊ အကျယ် ၃၁ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၈ ပေရှိ သံကူကွန်ကရစ်တံတား အမျိုးအစား ၁၀၀ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ညို၊ တံတားအထူးအဖွဲ့(၁၄)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေဖြိုးတို့က တည်ဆောက်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်(တံတားကျိုး) လမ်းပေါ်ရှိ တံတားအမှတ် (၅/၃၀) အရှည် ၁၂၀ ပေ၊ အကျယ် ၃၁ ပေ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျော့ရွာ-ဝင်းစိန်-ဒေါ်လန်း-ဝဲကင်းအံ(နဘူး)လမ်းပေါ်ရှိ ဒေါ်လန်းတံတား အရှည်ပေ(၁၀၀၀)၏ ကြံခိုင်မှုအပိုင်းကို ကြည့်ရှုစစ်ဆေးပြီး ယာဉ်များ အလျင်မပြတ် သွားလာနိုင်ရေး ပြင်ဆင်ထိန်းသိမ်းဆောင်ရွက်သွားရန် မှာကြားကာ ကျော့ရွာ-ဝင်းစိန်-ဒေါ်လန်း-ဝဲကင်းအံ(နဘူး) လမ်းပိုင်းအား ကြည့်ရှုစစ်ဆေးပြီး လမ်းတာဘောင်ကျဉ်းသော နေရာများအား ၄၀ ပေ အကျယ် formation width ရရှိအောင် လမ်းတာဘောင်ချဲ့လုပ်ငန်း လျာထားဆောင်ရွက်ရန်၊ လျှပ်စစ်ဓာတ်တိုင်များအား လမ်းနယ်ပြင်ပသို့ ပြောင်းရွှေ့စိုက်ထူနိုင်ရေး လျှပ်စစ်ဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
ကျိုက်ပံကရုံ စေတီတော်ပရဝုဏ် (ဂျိုင်းမြစ်)ကမ်းပြိုကာကွယ်ရေးလုပ်ငန်းကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ(၁၁) ကရင်ပြည်နယ်ဦးစီးမှူးရုံး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ် အစိုးရအဖွဲ့ အရေးပေါ်ရန်ပုံငွေ ၃၉၇ သန်းဖြင့် Bored Pile အခြေပြု Gabion Box ကျောက်စီတမံ အပိုင်း(၁) အလျား ၁၆၀ ပေကို ဒေါနဂုဏ်ကုမ္ပဏီမှ ငွေကျပ် ၁၉၈ ဒဿမ ၅ သန်း၊ အပိုင်း(၂) အလျား ၁၆၀ ပေကို Thaung Yinn Dragon ကုမ္ပဏီမှ ငွေကျပ် ၁၉၈ ဒဿမ ၅ သန်းဖြင့် တင်ဒါအောင်မြင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)