နေပြည်တော် ဧပြီ ၂၆
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော်အတွင်း မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်နေမှု အခြေအနေများကို နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများဖြစ်ကြသည့် ဘဒ္ဒန္တ သုဇနပိယ၊ ဘဒ္ဒန္တသာဂရဘိဝံသတို့ ဦးဆောင်သော မန္တလေး တိုင်းဒေသကြီးမှ ပင့်ဖိတ်ထားသည့် ဆရာတော်၊ သံဃာတော် စုစုပေါင်း ၁၅၅ ပါးတို့က ယနေ့ နံနက်ပိုင်းတွင် လာရောက် လေ့လာဖူးမြော်ကြည်ညိုကြသည်။
ဦးစွာ ဆရာတော်၊ သံဃာတော်ကြီးများအား ရှင်းလင်းဆောင်၌ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရသည့် ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်နိုင်ရေး စကျင်ကျောက်တော်ကြီးအား အဆင့်ဆင့်တူးဖော်ခဲ့ရမှုနှင့် ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းတို့မှ အဆင့်ဆင့်ပင့်ဆောင်ခဲ့ရမှု၊ ဆင်းတုတော်အပိုင်း (၁/၂/၃/၄)တို့ကို ထုဆစ်ပုံဖော်ခဲ့မှုနှင့် ပလ္လင်တော် အထက်သို့ ပင့်ဆောင်နိုင်ရန် သံမဏိမျှော်စင်ဝန်ချီစက် တည်ဆောက်ကာ ပင့်ထောင်ခြင်းနှင့် ပင့်ဆောင် နေရာချထားခြင်း လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ခဲ့မှု၊ ဗုဒ္ဓဥယျာဉ်တော်ကြီး စိမ်းလန်း စိုပြည် သာယာလှပစေရေးအတွက်သစ်ပင်၊ ပန်းမန်များစိုက်ပျိုးဆောင်ရွက်နေမှု၊ သာသနိက အဆောက်အဦများ ထည့်သွင်းတည်ဆောက်လျက်ရှိမှုနှင့် အဆင့်ဆင့် တိုးတက်လာမှု အခြေအနေ များကို ရှင်းလင်းလျှောက်ထားသည်။
ထို့နောက် ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်ကြီးများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးနှင် ပလ္လင်တော်တည်ဆောက်ပြီးစီးမှု၊ ဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်းရှိ သာသနိက အဆောက်အဦများ တည်ဆောက်ပြီးစီးမှုနှင့် ဆက်လက်တည်ဆောက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီး၊ တာဝန်ရှိသူများ သည် ဆရာတော်၊ သံဃာတော် ကြီးများအား နေ့ဆွမ်းနှင့် အချိုပွဲများ၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး ဆရာတော်၊ သံဃာတော်ကြီးများထံမှ အနုမောဒနာ တရားနာယူကြသည်။
ထို့ပြင် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ဩဝါဒခံယူခဲ့ကြသည့် ၂၀၂၂ - ၂၀၂၃ ပညာ သင်နှစ် လူရည်ချွန် မောင်မယ်များသည်လည်း မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှု အခြေအနေ များနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း သာသနိက အဆောက်အဦများ တည်ဆောက်ပြီးစီးမှု အခြေအနေများ ကို လာရောက်ဖူးမြော် ကြည်ညိုလေ့လာခဲ့ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်