နေပြည်တော် ဧပြီ ၂၈

 

နေပြည်တော်ကောင်စီနယ်မြေ ကျေးလက်နေပြည်သူများ၏ တစ်ဦးချင်း ဝင်ငွေတိုးပွားစေရေး  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင်ကုန်ထုတ်လုပ်မှု လုပ်ငန်းများအမှန်တကယ် လုပ်ကိုင် ဆောင်ရွက်နိုင်ကြခြင်းဖြင့် ကျေးလက်နေ ပြည်သူများ၏ဝင်ငွေနှင့် လူနေမှုဘဝမြင့်မားရေးကို နိုင်ငံတော် အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ဝန်ကြီးဌာနက ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိရာ ဒေသနေ ပြည်သူများအနေဖြင့်လည်း တက်ကြွစွာပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း ယနေ့ မွန်းလွဲပိုင်းက  တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာ၊ ဂွေးပင်(စံပြ)ကျေးရွာ၊ ဇေယျာသီရိမြို့နယ် ရှားစေးဖိုကျေးရွာ၊ ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ မကျီးပင်ကျေးရွာအုပ်စု မကျီးပင် ကျေးရွာသို့ရောက်ရှိပြီး ကျေးရွာယာယီ ရှင်းလင်းဆောင်၌ ဒေသခံပြည်သူများနှင့် ခင်မင်ရင်းနှီးစွာ တွေ့ဆုံ၍ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက မကျီးပင်ကျေးရွာတွင် လုပ်ငန်းများဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေ တစ်မိသားစုချင်း၏ ဝင်ငွေတိုးပွားရေး မိုးစပါးအပြီး ဆောင်းသီးနှံနှင့် နွေသီးနှံများ စိုက်ပျိုးနိုင်ရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့်၊ သွင်းအားစုနှင့် နည်းပညာများ ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ကျေးရွာရှိစိတ်တူ ကိုယ်တူဆန္ဒတူသူများ စုပေါင်း၍ သမဝါယမအသင်း ထူထောင်ပြီး စီးပွားဖြစ်လယ်ယာ ကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာရေးအတွက် ကျေးရွာသူကျေးရွာသားများ အားလုံးပူး ပေါင်းလုပ်ဆောင်ကြရန်နှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ များကို ဆွေးနွေးပြီး ဒေသပြည်သူခံများမှ ကျေးရွာလိုအပ်ချက် တင်ပြချက်မှုအပေါ် အမြန်ဆုံးတုန့်ပြန် ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးပြီးနောက် ကျေးရွာတောင်သူများ၏ စိုက်ပျိုးမြေ ဧက ၂၀၀ ဧကကျော် အကျိုးပြု ပေးနိုင်မည့် ယာယီချောင်းပိတ်ဆည်၊ ရေပေးမြောင်းနှင့် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေးရရှိရေး ဆောင်ရွက် ထားရှိမှုကို ကြည့်ရှုအားပေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ဂွေးပင်ကျေးရွာ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ဂွေးပင်ကျေးရွာ စနစ်ကျလယ်ယာမြေ ၇၉ ဒသမ ၈၈ ဧက အဆင့်မြင့်လယ်ယာမြေများ ပေါ်တွင် နွေးစပါး ၉ ဒသမ ၀၉ ဧကနှင့် နွေသီးနှံပဲတီစိမ်း ၆၂ ဒသမ ၅၂ ဧက စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာဦးစီးဌာနအလိုက် တာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူများ၊ တောင်သူများက လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။

 

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဆောင်ရွက်လျက်ရှိသည့် ဆင်သေချောင်း ယာယီချောင်း ပိတ်ဆည် ဝဲယာရှိ ဇေယျာသီရိမြိုနယ် ရှားစေးဖိုကျေးရွာသို့ ရောက်ရှိရာ ရှားစေးဖိုကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆောင်ရွက်သည့် ရေတင်လုပ်ငန်းမှ သမဝါယမ စိုက်ပျိုးတောင်သူများ၏ စပါး၊ နှမ်း၊ ပဲတီစိမ်း၊ ပြောင်း၊ သပြေပင် စုစုပေါင်းစိုက်ဧက ၁၆၀ ဧက စိုက်ပျိုးပြီးစီးမှု၊ ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာကျေးရွာနှင့် ဘဲကုန်းကျေးရွာတို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ဆင်သေချောင်း ယာယီရေ ထိန်းဆည်နှင့် လျှပ်စစ်ရေတင် လုပ်ငန်းမှ စိုက်ပျိုးတောင်သူ (၆၅)ဦး၏ နေကြာ၊ နှမ်း၊ ပဲတီစိမ်း၊ ပြောင်း စုစုပေါင်းစိုက်ပျိုးဧက ၁၈၅ ဧကစိုက်ပျိုးနေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)