နေပြည်တော်၊  ဧပြီ ၂၇

 

ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ယမန်နေ့ မွန်းလွဲ၁နာရီခွဲတွင် ကျန်းမာရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၄) ၌ ပြုလုပ်ခဲ့သော ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ အစည်းအဝေး (၁/၂၀၂၃) သို့ တက်ရောက်သည်။

 

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက  မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်များအနေဖြင့် ရေကြီးခြင်း၊ မုန်တိုင်းတိုက်ခက်ခြင်း၊ မြေပြိုခြင်း၊ ငလျင်လှုပ်ခတ်ခြင်း၊ မီးလောင်ခြင်းနှင့် ကူးစက်ရောဂါအန္တရာယ်များ ကျရောက်ခြင်း အစရှိသော ဘေးအန္တရာယ်များ ဖြစ်ပွားနိုင်ခြေများရှိကြောင်း။

      

လတ်တလောကာလအတွင်း လွန်ခဲ့သည့် ဧပြီ (၂၁) ရက်တွင် လယ်ဝေးမြို့နယ်ရှိ ကျေးရွာ နှစ်ရွာတွင် လေဆင်နှာမောင်း တိုက်ခတ်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများ ဖြစ်ပွားခဲ့ ပါကြောင်း၊ မိမိတို့ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လူအများထိခိုက်ဒဏ်ရာရှိမှုဖြစ်စဉ် (Mass Causality Incident) အတွက် ဇာတ်တိုက်လေ့ကျင့်မှု၊ ဆေးပစ္စည်းကိရိယာ၊ ယာဉ်စသည်တို့ကို ကြိုတင်ပြင်ဆင်ထားရှိရာ အဆိုပါ ဖြစ်စဉ်တွင် အရေးပေါ်လူနာများကို ဆေးရုံသို့လွှဲပြောင်းပို့ဆောင်ကုသမှု၊ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ မဖြစ်ပွားစေရေး ကာကွယ်မှုလုပ်ငန်းများ အားဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းမှု အားကောင်းစွာဖြင့် ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့မြင်ရကြောင်း။

 

ဘေးအန္တရာယ်ဖြစ်စဉ်များတွင် သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများကို ကျေးဇူးတင်ရှိပါကြောင်း၊ အဆိုပါဖြစ်စဉ်များတွင် လူအများထိခိုက်ဒဏ်ရာရရှိမှုများအတွက် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ဆေးရုံများတွင် အသင့်ဖြစ်နေစေရေးအတွက် စုစည်းမှုအားကောင်းစွာဖြင့် ဆောင်ရွက်ထားစေလိုကြောင်း၊ အရေးပေါ် ဆေးသတ္တာများတွင်ပါဝင်သည့် ဆေးဝါးပစ္စည်းများအားလည်း အမြဲအသင့်ဖြစ်နေစေရေး ဆောင်ရွက်ထား ရမည်ဖြစ်ကြောင်း၊ ဘေးအန္တရာယ်ဖြစ်စဉ်များတွင် ထိခိုက်ဒဏ်ရာရ ရှိသူများကို အရေးပေါ်ကုသမှုနှင့် ရှေးဦး သူနာပြုစုမှုများတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် မိတ်ဖက်အဖွဲ့အစည်းများက ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိရာ အဆိုပါအဖွဲ့အစည်းများနှင့် ကွန်ရက်ချိတ်ဆက်မှုများ အားကောင်း စေလိုပါကြောင်း။

 

ဘေးအန္တရာယ်ဖြစ်စဉ်ဆိုင်ရာ သတင်းအချက်အလက်များအား အချိန်နှင့်တစ်ပြေးညီ ရယူခြင်းနှင့် ဖြန့်ဝေခြင်းတို့ကို ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေ ကွပ်ကဲရေးစင်တာ (Public Health Emergency Operations Center)များအားလည်း အမြဲတမ်း အသင့်ရှိနေရမည် ဖြစ်ကြောင်း။

 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ကြိုတင်ခန့်မှန်းသိရှိနိုင်သည့် ဘေးအန္တရာယ်ဖြစ်စဉ်များ အတွက် သတိပေးကြေညာချက်များ ထုတ်ပြန်ပေးလျက်ရှိပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန အနေဖြင့်လည်း ဘေးအန္တရာယ်အမျိုးအစားအလိုက် စောစီးစွာသိရှိနိုင်သည့် ကြိုတင်သတိပေးလက္ခဏာ များကိုလည်း အသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘေးအန္တရာယ်ဖြစ်စဉ် ကျရောက်မှုအား ကြိုတင်ခန့်မှန်းသိရှိနိုင်သည့် ဖြစ်စဉ်များအတွက် ကြိုတင်သတိပေး လက္ခဏာများနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေ‌ရေး ဆက်လက်ဆောင်ရွက် ပေးစေလိုကြောင်း၊ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးကဏ္ဍ ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်ခြင်းလုပ်ငန်းများကို ဦးစားပေး လုပ်ငန်းတစ်ရပ်အနေဖြင့် အထူးဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း ။

       

ယနေ့အစည်းအဝေးတွင် လုပ်ငန်းကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်နေ မှုများ၊ ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ပွင့်လင်းစွာဆွေးနွေးကြရန် ဖြစ်ကြောင်း ပြောကြား သည်။

 

ဆက်လက်၍ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက   ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ဖွဲ့စည်းပုံနှင့် လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များကို ရှင်းလင်း တင်ပြသည်။

 

ထို့နောက် ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ တွဲဖက်အတွင်းရေးမှူး(၁) ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းတင်က ကျန်းမာရေးဝန်ကြီး ဌာနမှ ဆောင်ရွက်ထားရှိမှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နေမှုများနှင့် ပူးပေါင်းဆောင်ရွက် နေမှုများကို ဆွေးနွေးပြောကြားသည်။

 

ထို့နောက် ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားပြီး အစည်းအဝေးအား ရုပ်သိမ်းကြောင်း သိရသည်။

(သတင်းစဉ်)