နေပြည်တော် ဧပြီ ၂၈

 

၂၀၂၃ ခုနှစ်၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် အင်ဒိုနီးရှားနိုင်ငံမှ ကြီးမှူး၍ (၃၄)ကြိမ် မြောက် အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ယနေ့ မွန်းလွဲ နာရီတွင် Online စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးသို့ မြန်မာနိုင်ငံ အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီး ဖြစ်သူ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် (SOCA Leader) ဦးဆောင်၍ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြသည်။

 

(၃၄)ကြိမ်မြောက် အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ကို အင်ဒိုနီးရှားနိုင်ငံ၊ လူသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ယဉ်ကျေးမှုရေးရာ ညှိနှိုင်းရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးညှိနှိုင်းမှုဝန်ကြီး၏ ဝါရင့်အကြံပေးပုဂ္ဂိုလ် Dr. Joko Kusnanto Anggoro က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ကျန်းမာရေး ကတိကဝတ်ပြုမှုဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ကြေညာချက်၊ အကျပ်အတည်း အခြေအနေများတွင် ရွှေ့ပြောင်း အလုပ်သမားများနှင့် မိသားစုဝင်များကို အကာအကွယ်ပေးရေး အာဆီယံကြေညာစာတမ်း၊ ရွှေ့ပြောင်းငါးဖမ်းလုပ်သားများ နေရာချထားရေးနှင့် ကာကွယ်ရေးဆိုင်ရာ အာဆီယံ ကြေညာ စာတမ်းနှင့် အာဆီယံကျေးရွာ ကွန်ရက် တည်ထောင်ရေးဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ထုတ်ပြန်ချက်တို့နှင့်ပတ်သက်၍လည်းကောင်း၊ ဘန်ဒါဆရီဘီဂါဝန် ကြေညာ စာတမ်းပါ အာဆီယံ၏ အရေးပေါ်အခြေအနေများနှင့် ဘေးအန္တရာယ်များဆိုင်ရာ တုံ့ပြန်မှုများကို ချိတ်ဆက်ရန် အာဆီယံ မဟာဗျူဟာနှင့် အကောင်အထည်ဖော်ရေးဆိုင်ရာ လတ်တလောအခြေအနေများ (ASEAN SHIELD) နှင့် အာဆီယံ အသိုက်အဝန်း၏ ၂၀၂၅ အလွန်မျှော်မှန်းချက်ဆိုင်ရာ Ha Noi ကြေညာ စာတမ်း၏ နောက်ဆက်တွဲအဖြစ် အဆင့်မြင့်လုပ်ငန်းအဖွဲ့ High-Level Task Force (HLTF) အစည်းအဝေးများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

 

ဆက်လက်၍ အာဆီယံအတွင်းရေးမှူးချုပ်ရုံးက အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်း မဏ္ဍိုင် လမ်းညွှန်အခြေပြမြေပုံ ၂၀၂၅ နှစ်လယ် အစီရင်ခံစာ ရေးသားတင်သွင်းခဲ့မှု၊ ကဏ္ဍစုံ မဏ္ဍိုင်စုံ ပူးပေါင်း ဆောင်ရွက်မှု၊ အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်း မဏ္ဍိုင်၏ ဆက်စပ်လုပ်ငန်းအစုအဖွဲ့များနှင့် ASEAN Comprehensive Recovery Framework (ACRF) နှင့် ၎င်း၏ အကောင်အထည်ဖော်ရေး အစီအစဉ်၊  စတုတ္ထမြောက် စက်မှုတော်လှန်ရေးတွင် စုစည်းထားသော မဟာဗျူဟာ၊ အာဆီယံ စီးပွားရေး အသိုက် အဝန်းမဏ္ဍိုင် Circular Economy ၏ မူဘောင်၊ တီမောလက်စ်တေနိုင်ငံမှ အာဆီယံအဖွဲ့ဝင် အဖြစ် ဝင်ရောက်နိုင်ရေး လျှောက်ထားလာမှု၊ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာစီမံချက် ၂၀၂၅ ၊ အာဆီယံ သုတေသန နှင့် ဖွံ့ဖြိုးမှုစင်္ကြံများ၊ အာဆီယံပြည်သူများအကြား ပိုမိုနားလည်မှု၊ သင့်မြတ်မှုနှင့် ဒေသဆိုင်ရာ အစီအစဉ်များကို နားလည်သဘောပေါက်သည့် လိုက်လျောညီထွေမှုရှိသော အာဆီယံအသိုက်အဝန်း မြှင့်တင်ခြင်းဆိုင်ရာ မဟာဗျူဟာပြစာအုပ်၊ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအမြဲတမ်း ကိုယ်စားလှယ်များ အဖွဲ့ရုံးအသီးသီးတွင် Secondment Officer အရာထမ်းများ တွဲဖက် ခန့်အပ်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ လည်းကောင်း၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးက ၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများသို့ တင်သွင်းမည့် မှတ်တမ်းမှတ်ရာ ၃ ခုကို အတည်ပြုရန် လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)