နေပြည်တော် မတ် ၂၉

ယနေ့ ညနေပိုင်းက မီးသတ်တပ်ဖွဲ့ဝင်များသည် ရှေးဟောင်း မီးသတ်ယာဉ်များအပါအဝင် ခေတ်မီအဆင့်မြင့်မီးသတ်ယာဉ်များဖြင့် မြို့မဈေးတွင် လူထုအား မီးဘေးလုံခြုံရေး အသိပညာပေးဟောပြော သရုပ်ပြမှုများကို ဖျော်ဖြေရေးအစီအစဉ်များနှင့်တွဲဖက်၍ စိတ်ဝင်စားဖွယ် ပြုလုပ်ခဲ့သည်။

မီးဘေးလုံခြုံရေး အသိပညာပေးဖျော်ဖြေမှုများကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ပြည်တော်အေးငြိမ်း မင်္ဂလာဆိုင်းတော်နှင့် ခေတ်ပေါ်တေးဂီတအဖွဲ့များဖြင့် တေးသံသာများဖြင့် သီဆိုဖျော်ဖြေရာတွင် မီးသတိပေးသီချင်းများ ထည့်သွင်းဖျော်ဖြေခဲ့ပြီး မီးဘေးလုံခြုံရေးဆိုင်ရာ တစ်ခန်းရပ်ပြဇာတ်များ၊ သရုပ်ပြကွက်များ၊ အငြိမ့်ခန်းများတွင်လည်း ဟာသလူရွှင်တော် မီးသတ်တပ်ဖွဲ့ဝင်များ၏ ရှုမညီးဖွယ် အားဖြည့်အသုံးတော်ခံမှုများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ရာ ဈေးသူ/ ဈေးသားများနှင့် ဈေးဝယ်များက အားပေးကြည့်ရှု စည်ကားပျော်ရွှင် လျက်ရှိသည်။

အဆိုပါ မီးဘေးလုံခြုံရေးအသိပညာပေး ဖျော်ဖြေရေးအစီအစဉ်များသည် ပြည်ထဲရေး ဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၏ (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းအစီအစဉ်များကို ၃၀.၄.၂၀၂၃ ရက်နေ့တွင် သပြေကုန်းဈေးတွင် လည်းကောင်း၊ ၂.၅.၂၀၂၃ ရက်နေ့တွင် ပျဉ်းမနားမြို့တွင် လည်းကောင်း၊ ၃.၅.၂၀၂၃ ရက်နေ့တွင် “ဓာတုစယဓာတ်ပေါင်း” စေတီတော်တွင် လည်းကောင်း ဆက်လက်ဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို MICC 2 တွင် ၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်နေ့နှင့် မေလ ၆ ရက်နေ့များတွင် ပြုလုပ်ကျင်းပမည်ဖြစ်ရာ အများပြည်သူအနေဖြင့် ၂၀၂၃ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် ခင်းကျင်းပြသထားသော ရှေးဟောင်းမီးသတ်ယာဉ်များ၊ ခေတ်မီ မီးသတ်ယာဉ်များ၊ မီးသတ်သမားများ၏ လုပ်ငန်းခွင်သုံး (ရှေးဟောင်းနှင့် ခေတ်မီ)စက်ပစ္စည်းကိရိယာများ၊ မှတ်တမ်းဓာတ်ပုံများ၊ မီးဘေးလုံခြုံရေးဆိုင်ရာ ပစ္စည်းကိရိယာများ ထုတ်လုပ်သည့် ကုမ္ပဏီများမှ ခင်းကျင်းပြသထားသော ပြခန်းများနှင့် မီးဘေးလုံခြုံရေး ဖျော်ဖြေတင်ဆက်မှုများကို လာရောက်လေ့လာကြည့်ရှုနိုင်ပါရန် ဗလာမပါကံစမ်းမဲ လက်မှတ်များ၊ လက်ကမ်းစာစောင်များဖြန့်ဝေပြီး ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။

ဇင်ပိုင်ခေတ်