ပွင့်ဖြူ ဧပြီ ၂၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ်နှင့် မင်းဘူး(စကု)မြို့နယ်အတွင်းရှိ စိုက်ပျိုးလယ်ယာမြေဧက ၃၀၀၀ ကျော်အတွက် အကျိုးပြုမည့် အင်းမ၊ အင်းဝ ရေထုတ်ရိုးချောင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဒေသတွင်းရှိ သီးနှံစိုက်ပျိုးလယ်မြေများ ရေနစ်မြုပ်မှုအန္တရာယ် ကင်းဝေးစေရန် အသစ်ပြန်လည်တူးဖော် ဆောင်ရွက်နေမှုလုပ်ငန်းမှာ အောင်မြင်စွာ တူးဖော်ဆောင်ရွက် ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ အင်းမ၊ အင်းဝ ရေထုတ်ရိုးချောင်းသည် အရှည်ပေ ၂၂၅၀၀ ခန့်ရှိပြီး ပွင့်ဖြူမြို့နယ် ဆည်မုန်းကျေးရွာ၊ ခုံစုကျေးရွာနှင့် မင်းဘူး(စကု)မြို့နယ်ရှိ သနပ်ပင်စုကျေးရွာကြားတွင် တည်ရှိကာ ယခုအခါ သဘာဝဘေးဒဏ်ကြောင့် ရိုးချောင်းတိမ်ကောမှုများ ဖြစ်လာသဖြင့် ရေစီးဆင်းမှုကောင်းမွန်ခြင်းမရှိ၍ နှစ်စဉ် မိုးတွင်းကာလများ၌ စိုက်ပျိုးလယ်မြေ ဧက ၃၀၀၀ ကျော်ခန့်ကို ရေနစ်မြုပ်ပျက်စီးမှုများ ကြုံတွေ့နေရကြောင်း သိရသည်။ ယခုနှစ်တွင် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၆၅ သန်းဖြင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စတင်ပြီး ဒေသခံတောင်သူများ၏ သီးနှံစိုက်ပျိုးလယ်မြေများ ရေနစ်မြုပ်မှုအန္တရာယ် ကင်းဝေးစေရေး အင်းမ၊ အင်းဝရေထုတ်ရိုးချောင်းအား ရေစီးဆင်းမှုကောင်းမွန်စေရန် (ပျမ်းမျှ) ရေထုတ်ရိုးမြောင်းအကျယ် ၅ ပေနှင့် ရေထုတ်ရိုးဘောင်အမြင့် ၅ ပေ ရေထုတ်ရိုးချောင်းအဖြစ် စက်ယန္တရားများဖြင့် ပြန်လည်တူးဖော် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ရေထုတ်ရိုးချောင်း တူးဖော်ခြင်းလုပ်ငန်းကို မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဦးရဲထွဋ်အောင်၏ ကြီးကြပ်မှုဖြင့် တာဝန်ခံအင်ဂျင်နီယာများက ရေထုတ်ရိုးချောင်းတစ်လျှောက် ရေစီးမှုကောင်းမွန်စေရန်နှင့် ရိုးဘောင်အား ရေတိုက်စားမှု အန္တရာယ်ကင်းဝေးစေရန် လိုအပ်သောနေရာများတွင် ရိုးဘောင်အတွင်း (၁၀)လက်မ အရွယ်အစား PVC ပိုက်များမြုပ်၍ ရိုးအတွင်းသို့ ရေပိုထုတ်နိုင်ရန် စနစ်တကျ တူးဖော်ဆောင်ရွက်ခဲ့ပြီး ရေထုတ်ရိုးချောင်း တူးဖော်ခြင်းလုပ်ငန်းအား မတ်လကုန်တွင် အောင်မြင်စွာ တူးဖော်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
ယခုအခါ ရေထုတ်ရိုးချောင်း တူးဖော်ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ ပွင့်ဖြူမြို့နယ်နှင့် မင်းဘူး(စကု)မြို့နယ် အတွင်းရှိ ကျေးရွာ(၃)ရွာမှ ဒေသခံတောင်သူများ၏ သီးနှံစိုက်ပျိုးလယ်မြေဧက ၃၀၀၀ ကျော်အတွက် မိုးရာသီကာလ နှစ်စဉ်ကြုံတွေ့နေရသည့် ရေနစ်မြုပ်မှုအန္တရာယ်မှ ကင်းဝေးစေမည်ဖြစ်ကြောင်းနှင့် ရေသွင်းရေထုတ်စနစ်မှန်ကန်၍ သီးနှံစိုက်ခင်းများ စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ မျှတစွာရရှိစေမည်ဖြစ်သဖြင့် သီးနှံအထွက်နှုန်းများ တိုးတက်ကောင်းမွန်လာစေမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးရဲထွဋ်အောင်ထံမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)