နေပြည်တော် ဧပြီ ၃၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန်အတွင်း သဲနုန်းများ တူးဖော်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်သည် နေပြည်တော် ကောင်စီအဖွဲ့ဝင်များ နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ရှမ်းကန်၏ အရှေ့ဘက်ခြမ်း သဲနုန်းတူဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်နှင့်အဖွဲ့သည် ကန်တော် မင်္ဂလာ ရှမ်းကန်ရှင်းလင်းဆောင်သို့ရောက်ရှိရာ နေပြည်တော်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး (၅) မှ ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က ကန်တော်မင်္ဂလာ ရှမ်းကန်အတွင်း ရေစုကန်တူးဖော်ခြင်းနှင့် ရေခေါ်မြောင်း ဖောက်လုပ်ခြင်း၊ ကန်အားနေပူလှန်း၍ ခြောက်သွေ့အောင်ထားခြင်း၊ နုန်းများတူးဖော်၍ စုပုံခြင်း၊ စုပုံထားသော မြေများကို ခြောက်သွေ့အောင်ထားခြင်းနှင့် သယ်ဆောင်စွန့်ပစ်ခြင်း စသည့်လုပ်ငန်းစဉ်များကို စက်ယန္တရားများဖြင့် ဆောင်ရွက်မည့်အခြေအနေနှင့် ကြာမြင့်မည့် အချိန်ကာလကိုလည်းကောင်း၊ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က သဲနုန်းတူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင် က ကန်တော်မင်္ဂလာရှမ်းကန် ပြန်လည်သန့်ရှင်းသာယာလှပရေးကို ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများက ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် စနစ်တကျရှိစေရေး၊ အချိန်မီးပြီးစီးရေးကို အလေးထား ဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့်တာဝန်ရှိသူများက ကန်၏ အရှေ့ဘက်ခြမ်း သဲနုန်းတူဖော်ခြင်းလုပ်ငန်းကို စက်ယန္တရားများဖြင့် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ကန်တော်မင်္ဂလာရှမ်းကန်၏ အရှေ့ဘက်ခြမ်း သဲနုန်းတူဖော်ခြင်း လုပ်ငန်း ဆောင်ရွက်ရာတွင် ရေစုကန်တူးဖော်ခြင်းနှင့် ရေခေါ်မြောင်းဖောက်လုပ်ခြင်း၊ ကန်အားနေပူ လှန်း၍ ခြောက်သွေ့အောင်ထားခြင်း၊ နုန်းများအားတူးဖော်၍ စုပုံခြင်း၊ စုပုံထားသော မြေများကို ခြောက်သွေ့အောင်ထားခြင်းနှင့် သယ်ဆောင်စွန့်ပစ်ခြင်း စသည့်လုပ်ငန်းစဉ်များကို စက်ယန္တ ရားများဖြင့် ဧပြီ ၂၉ ရက်မှ ဇွန် ၃ ရက်အထိ ၃၅ ရက်ကြာဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ကန်တော်မင်္ဂလာရှမ်းကန်ကို မြန်မာသက္ကရာဇ် ၆၆၆ ခုနှစ်ခန့်တွင် ရှမ်းကုန်သည်များက ရေလှောင်ကန် တစ်ခုအဖြစ်တူးဖော်ခဲ့ရာမှ ရှမ်းကန်ဟု ယနေ့တိုင်ခေါ်ဝေါ်ခဲ့ကြရာ နှစ်ပေါင်း ၇၂၀ ခန့်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ ၁၉၈၈ခုနှစ်တွင် စက်ယန္တရားများဖြင့် ကန်အတွင်း သဲနုန်းများတူးဖော်ခဲ့ရပြီး ယခုအထိ ၃၅ နှစ်ကြာမှ ဒုတိယအကြိမ်အဖြစ် စက်ယန္တရားများဖြင့် ကန်းအတွင်းရှိ သဲနုန်းများတူးဖော်ခြင်းဖြစ်ကြောင်းသိရသည်။
သတင်းစဉ်