K ဇင်သစ် (မန်းတက္ကသိုလ်)
ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးအတွက် နိုင်ငံတော်က ရှုထောင့်အဖုံဖုံ၊ ကဏ္ဍအစုံစုံမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ မျက်မှောက်ကာလတွင် ပို၍ဆောင်ရွက်ပေးလျက် ရှိနေသည်ကို သတိပြုမိသည်။ အမှန်လည်း ကျေးလက်လူမှု စီးပွားဘဝမြင့်မားမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပေသည်။ သယံဇာတပေါကြွယ်ဝသည့် အမိနိုင်ငံအဖို့ ပြည်ပပို့ကုန်တင်ပို့မှုတွင် ကုန်ကြမ်းအဖြစ်သာ တင်ပို့မှုကများနေသည်ကို တွေ့နေရသည်။ ပြည်ပတင်ပို့မှုမှ နိုင်ငံတော်အတွက် နိုင်ငံခြားငွေများစွာ ရရှိနေခြင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များကို ပြည်ပသို့တင်ပို့ခြင်းက အဓိကအပိုင်းမှ ပါဝင်နေသည်ဟု ဆိုရပေမည်။
စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များကို ကျေးလက်နေတောင်သူများက စိုက်ပျိုး၊ မွေးမြူ၍ ထုတ်လုပ်ပေးနေခြင်းကြောင့်သာ နိုင်ငံတော်အတွက် နိုင်ငံခြားငွေ အမြောက်အမြား ရရှိနေသည် ဟု ဆိုနိုင်ပေမည်။ ပွဲစား၊ ကုန်သည်၊ Exporter များက စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့နေသော်လည်း အဆိုပါ တင်ပို့နေသည့် ကုန်ပစ္စည်းများသည် တောင်သူ တစ်ဦးချင်းစီက ထုတ်လုပ်ခြင်းကြောင့် တင်ပို့ခွင့်ရနေကြသည်ဆိုတာကိုတော့ မမေ့လျော့သင့်ပါ။
တောင်သူများစိုက်ပျိုးကြသည့် စပါး၊ ပြောင်း၊ ပဲ၊ နှမ်း၊ ဖရဲ၊ ကြံ၊ ငရုတ် စသည့်သီးနှံများ၊ နှစ်ရှည်ပင်မှ ထွက်ရှိသည့် သီးနှံများ ပြည်ပသို့တင်ပို့ခြင်းကြောင့် နိုင်ငံတော်အတွက် နိုင်ငံခြားငွေများစွာ ရရှိနေသော်လည်း တောင်သူများ၏ လူမှုစီးပွားဘဝ မြင့်မားမှုမှာကား ထင်သလောက် ရှေ့သို့ရောက်လာခြင်း မရှိနိုင်သေးသည်ကလည်း လက်တွေ့မှာအမှန် တွေ့နေရပြန်သည်။ နိုင်ငံအတွက် စားရေရိက္ခာ ပေါကြွယ်ဝရေးနှင့် နိုင်ငံခြားငွေများစွာ ရရှိနိုင်ရေး အတွက် နေပူမရှောင်၊ မိုးရွာမရှောင် စိုက်ပျိုး၍ ဘဝကိုရုန်းကန် ကြိုးစားနေကြသည့် တောင်သူများအတွက် အစုအဖွဲ့များ၊ သမဝါယမအသင်းများ ဖွဲ့စည်းပြီး အရင်းမပျောက် လည်ပတ်ရန်ပုံငွေများဖြင့် ယင်းတို့၏ လူမှုစီးပွားဘဝမြင့်မားရေးအတွက် ဆောင်ရွက်ပေးနေခြင်းများကမူ ထိုက်သင့်သလောက် အရာရောက်နေပြီဟု ဆိုချင်ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေး ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု (One Village One Product-OVOP)၊ အကျိုးတူ လယ်ယာစနစ် ကန်ထရိုက်လယ်ယာ (Contract Farming)၊ ဆန်စက်၊ ဆီစက် လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ကြပြီး အများအကျိုးအတွက် ထမ်းရွက်သယ်ပိုးလိုစိတ်ရှိသူ၊ သမဝါယမစနစ်ကို ယုံကြည်ပြီး စိတ်ပါဝင်စားသူများ၊ အမှန်တကယ် အလုပ်လုပ်သူများဖြင့် စည်းရုံး ဖွဲ့စည်းခဲ့သည့် သမဝါယမအသင်းများကို မျက်မှောက် ကာလတွင် တိုးချဲ့ဆောင်ရွက်လျက်ရှိနေသည်ဟု ကြားသိရ၍ ဝမ်းသာနေမိသည်။
နိုင်ငံအတွက် အလုပ်အကျွေးပြုနေကြသည့် ကျေးလက်နေတောင်သူများအား သမဝါယမဦးစီး ဌာနဝန်ထမ်းများက အသင်းအဖွဲ့ဖြင့် ဆောင်ရွက်ရခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ စုပေါင်းဆောင်ရွက်ခြင်းကြောင့် အသင်းသားကိုယ်စီ တိုးတက်မှု အလီလီရရှိလာခြင်း စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် စည်းရုံး၍ အများဆန္ဒနှင့်အညီ သမဝါယမအသင်းအဖြစ် ရှင်သန်ရပ်တည်နိုင်ရေး ဖွဲ့စည်းဆောင်ရွက်ပေးနေကြောင်း ကြားသိရ၍ လည်း များစွာဂုဏ်ယူနေမိသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်(ဧပြီလမှ ဖေဖော်ဝါရီ လအထိ) ၁၁ လတာကာလအတွင်း လယ်ယာ ထုတ်ကုန်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၃၂၃၄ ဒသမ ၂၀၂ သန်း၊ မွေးမြူရေး(ရေလုပ်ငန်းအပါ) ကဏ္ဍမှ ဒေါ်လာ ၆၆၃ ဒသမ ၃၁၈ သန်း၊ ပေါင်းဒေါ်လာ ၃၈၉၇ ဒသမ ၅၂ သန်း ပြည်ပသို့ တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၏အချက်အလက်များအရ သိရသည်။ ထို့ကြောင့် တောင်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန် များကြောင့် နိုင်ငံအတွက် နိုင်ငံခြားငွေ များစွာ ရရှိနေသည်မှာ သိသာထင်ရှားနေသည်။ ပြည်တွင်း စားသုံးမှုကို ထိန်းညှိရင်း ပြည်ပပို့ကုန်များ တိုးမြှင့် လုပ်ဆောင်နိုင်ခြင်းဖြင့် ပို့ကုန်ရငွေတိုးမြင့်လာမည် မှာ မြေကြီးလက်ခတ်မလွဲပင်။ နိုင်ငံအတွင်း စိုက်ပျိုး ရေး၊ မွေးမြူရေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှ ကူညီပံ့ပိုးပေးခြင်းဖြင့် ယခုထက်ပိုမို၍ နိုင်ငံခြား ငွေရရှိလာစေရေး၊ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုမြင့်မားလာစေရေး၊ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင်စေရေး ရှေးရှုကာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထူထောင် ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည် မှာ အနာဂတ် မြန်မာ့စီးပွားရေး တိုးတက်မှု၏ မောင်းနှင်အားသဖွယ် ရှိနေပေဦးမည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်း မပျောက်မတည်ငွေများ ထောက်ပံ့ပေးမှုတွင် ကယား၊ ချင်း၊ ရခိုင်ပြည်နယ်သုံးခုအတွက် ကျပ် ၁၀ ဘီလီယံ စီဖြင့် ကျပ် ၃၀ ဘီလီယံ၊ ကချင်၊ ကရင်၊ မွန်၊ ရှမ်း၊ တနင်္သာရီငါးခုအတွက် ကျပ် ရှစ်ဘီလီယံစီဖြင့် ကျပ် ၄၀ ဘီလီယံ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသဦးစီးအဖွဲ့ခြောက်ခုအတွက် ကျပ် ငါးဘီလီယံစီ ဖြင့် ကျပ် ၃၀ ဘီလီယံ၊ စုစုပေါင်းကျပ် ၁၀၀ ဘီလီယံဖြင့် နိုင်ငံတော်က မတည်ထောက်ပံ့ပေးကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ သက်ဆိုင် ရာ တိုင်းဒေသကြီး/ပြည်နယ်အလိုက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် သမဝါယမလုပ်ငန်းများ ဆောင်ရွက်သည့်အစုအဖွဲ့၊ သမဝါယမအသင်းများ အနေဖြင့်လည်း ပြဋ္ဌာန်းထားသည့် ဘဏ္ဍာရေး စည်းမျဉ်းများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာနသည် တည်ဆဲသမဝါယမအသင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှုနှင့် အထွေထွေစီးပွား ရေးဆိုင်ရာ သမဝါယမအသင်းများကို ဖွဲ့စည်းမှတ်ပုံ တင်ပေးလျက်ရှိရာ ၃၁-၃-၂၀၂၃ ရက်အထိ အသင်း သားပြည်သူ ၄ ဒသမ ၂ သန်းဖြင့် သမဝါယမ အသင်း ပေါင်း ၃၈၇၆၀ ကျော် ဖွဲ့စည်းမှတ်ပုံတင် ပေးထား ကြောင်း သိရသည်။ ဖွဲ့စည်းပြီး သမဝါယမအသင်း အများစုမှာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးရွာ တစ်ရွာထုတ်ကုန်တစ်ခု (OVOP)၊ အကျိုးတူ လယ်ယာစနစ် ကန်ထရိုက်လယ်ယာ စသည့် လုပ်ငန်းများကို ဆောင်ရွက်ကြသည့် ကျေးလက်နေ ပြည်သူများ၏ ဆန္ဒနှင့်အညီ ဖွဲ့စည်းထားကြောင်း လည်း သိရသည်။
မျက်မှောက်ကာလတွင် ဖွဲ့စည်းပေးလျက် ရှိသည့် သမဝါယမအသင်းများမှာ အသင်းသားများ အကျိုးကို ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်သည့် အနေအထားမျိုးဖြစ်အောင် အလေးပေးဆောင်ရွက် လျက်ရှိသည်မှာ မှန်ကန်ကောင်းမွန်လှသည်။ အချို့သော သမဝါယမအသင်းများမှာမူ အသင်း ကိုယ်တိုင်စီးပွားရေး ဖွံ့ဖြိုးတောင့်တင်းခိုင်မာလျက် ရှိနေသော်လည်း မူလပကတိအခြေခံ အုတ်မြစ်ပမာ တည်ရှိနေသည့် အသင်းဝင်/ အသင်းသားတစ်ဦး ချင်းစီအတွက် အကျိုးအမြတ်ခွဲဝေပေးမှု အားနည်း နေသေးသည်ကိုလည်း သမဝါယမလောကသား အချို့၏ ပြောကြားချက်အရ သိရသည်။ အသင်း၏ အကျိုးအမြတ်ရငွေသည် အသင်းသားများအတွက် ဦးတည်ထောက်ပံ့ပေးရမည်ဖြစ်သကဲ့သို့ အသင်း ရေရှည်ဖွံ့ဖြိုးရေးအတွက်လည်း ဆောင်ရွက်ကြရ မည် ဖြစ်ပေသည်။ အသင်းသားများ အကျိုးကို ထိရောက်စွာ ထောက်ပံ့ပေးခြင်းဖြင့် သမဝါယမ အပေါ် ပြည်သူတို့၏ ယုံကြည်မှုတိုးတက်လာမည်မှာ လည်း ဧကန်မလွဲပေ။
နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက်မတည်ငွေဖြင့် သက်ဆိုင်ရာ တိုင်းဒေသ ကြီး/ပြည်နယ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသများတွင် သမဝါယမကဏ္ဍမှ မြစိမ်းရောင် (သမဝါယမ)စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေး စသည်တို့ကို လုပ်ကိုင်နေသည့် ကျေးလက်နေ သမဝါယမအသင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာမည်မှာ မုချဧကန်ပင်။
သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသများတွင် သမဝါယမ ကဏ္ဍမှ ဆောင်ရွက်မည့် မြစိမ်းရောင် (သမဝါယမ) စီမံကိန်းလျာထား တင်ပြထားမှု၊ အဆိုပါ လျာထားတင်ပြမှုအနက်မှ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ အသင်းသားများ လက်ဝယ်အရောက် ယင်းတို့လိုအပ်သည့် မျိုး၊ သွင်းအားစု၊ ထွန်ယက်ခ(ဆီဖိုး)၊ တိရစ္ဆာန်အစာ စသည့် ပစ္စည်းများကို အသင်းဒါရိုက်တာအဖွဲ့ဝင်များ၊ ကော်မတီ အဆင့်ဆင့်မှ တာဝန်ယူ၊ တာဝန်ခံကြီးကြပ်မှု များဖြင့် ထောက်ပံ့ဆောင်ရွက်နေမှုများကို ဇယား (၁) နှင့် (၂)ဖြင့် ဖော်ပြထားပါသည်။
အထက်ပါ ဇယားအရ သက်ဆိုင်ရာ တိုင်းဒေသ ကြီး/ ပြည်နယ်ရှစ်ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးသုံးခုတို့တွင် သမဝါယမကဏ္ဍအတွက် ကျပ် ၁၂၃၅၃ ဒသမ ၇ သန်း အဆိုပြုလျာထားခဲ့ပြီး ကျပ် ၈၉၀၅ ဒသမ ၀၄ သန်း အကောင်အထည်ဖော် ဆောင်ရွက်ထားပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသည့် ကျပ် ၃၄၄၈ ဒသမ ၆၆ သန်းကိုလည်း လာမည့်ရာသီတွင် ကော်မတီအဆင့်ဆင့်၏ ခွင့်ပြုချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ သမဝါယမကဏ္ဍမှ စိုက်ပျိုး ရေး၊ မွေးမြူရေး၊ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု (OVOP)လုပ်ငန်း၊ အရောင်းဆိုင်မြှင့်တင်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မြစိမ်းရောင် (သမဝါယမ) စီမံကိန်း လက်စွဲစာစောင်ကို စနစ်တကျရေးဆွဲပြီး ကြီးကြပ်စီမံ ဆောင်ရွက်နေခြင်းကြောင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်တော့မည် ဖြစ်ပါသည်။
အချုပ်ဆိုရသော် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများမှာ ကျေးလက်နေ ပြည်သူအများစု ပါဝင်သည့် သမဝါယမအသင်းများမှတစ်ဆင့် တောင်သူတစ်ဦး ချင်းစီသို့ ထိရောက်သော ပံ့ပိုးပေးမှုဖြစ်ခြင်း၊ ငွေသားသက်သက်(သီးသန့်) ထုတ်ပေးခြင်း မဟုတ်ဘဲ လိုအပ်သည့်မျိုး၊ သွင်းအားစု၊ ထွန်ယက်ခ၊ လုပ်အားခများကိုသာ ထောက်ပံ့ပေးခြင်း၊ ထွက်ပေါ် လာသည့် စိုက်ပျိုး၊ မွေးမြူရေး ထုတ်ကုန်များကိုဈေးကွက်ချိတ်ဆက်ပေးမည့် အစီအစဉ်များ ပါရှိခြင်းတို့ကြောင့် ကျေးလက်နေပြည်သူများ၏ လူမှု စီးပွားဘဝမြင့်မားလာစေရေးအတွက် သမဝါယမ ဦးစီးဌာနအဆင့်ဆင့်နှင့် သမဝါယမအသင်း အဆင့် ဆင့်တို့က ဆောင်ရွက်ပေးနေမှုများသည် နိုင်ငံ့ စီးပွားရေး တိုးတက်မြင့်မားလာရေးတွင် အုပ်တစ်ချပ် သဲတစ်ပွင့်ပမာ ဆောင်ကြဉ်းပေးလျက်ရှိနေသည်ကို မီးမောင်းထိုးပြလိုက်ရပါသည်။