ခရမ်းစိုးမြင့်
ဧရာဝတီတိုင်းဒေသကြီးမှ ကြိမ်ပင်ဆည်- စက္ကော - ဓနုဖြူ - ဇလွန်ကားလမ်းသည် ရန်ကုန်မှ မိုင်အားဖြင့် ၈၀ ရှိပြီး အရပ်အခေါ်မှာ ဇလွန် ပြည်တော်ပြန်ဘုရားကားလမ်းဟု ခေါ်သည်။ လမ်းအဆင့်အတန်းမှာ ခရိုင်နှင့် မြို့နယ်ချင်း ဆက်သွယ်သည့် ကားလမ်းဖြစ်ပြီး ပြည်ထောင်စု အစိုးရက စီမံခန့်ခွဲသောကားလမ်းဖြစ်သည်။
ဇလွန်ပြည်တော်ပြန်ဘုရား ကားလမ်းသည် ဗိုလ်မြတ်ထွန်းတံတားအဆင်း ကြိမ်ပင်ဆည်ရွာ ကီလိုမီတာ မိုင် (ဝ/ဝ)မှ စတင်၍ ဇလွန်လမ်းမြို့နယ် အဝင် စည်ပင်သာယာနယ်နိမိတ်အထိ ၅၆ ဒသမ ၁၄ ကီလိုမီတာ မိုင်တိုင် (၃၆/၆)အတွင်း ဆက်သွယ် ထားသောလမ်းဖြစ်သည်။ ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဆောက်လုပ်ရေးလုပ်ငန်း (ရုံး ချုပ်)၏ လမ်းညွှန်ချက်အရ ၎င်းလမ်းကို ကတ္တရာ လမ်း ၂၆ ဒသမ ၉၆ ကီလိုမီတာ (၁၆ မိုင် ၆ ဖာလုံ)ကို စတင်ဆောင်ရွက်ခဲ့သည်။ ကတ္တရာလမ်းသား ဟောင်းမှာ ၁၁ ဒသမ ၂၆ ကီလိုမီတာ (ခုနစ်မိုင်)ရှိ၍ မြေရောကျောက်စရစ်လမ်းအပိုင်းမှာ (လေးပုံ သုံးပုံ) Mix ၁၅၀ မီလီမီတာ (ခြောက်လက်မ) Sub-base နှင့် ၁၅ဝ မီလီမီတာ (ခြောက်လက်မ) Base (သုံးပုံ တစ်ပုံ)Mix တို့ပေါ်တွင် ကတ္တရာရေဖိတ်လွှာ နှစ်လွှာခင်းထားခြင်းဖြစ်သည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန်တွင် ဇလွန် မြို့တွင်းလမ်း ၁ ဒသမ ၄ ကီလိုမီတာ (ခုနစ်ဖာလုံ)ကို ဆောက်လုပ်ရေးပိုင်လမ်းအဖြစ် ပြောင်းလဲလိုက် သည့်အတွက် လမ်း၏ မိုင်အရှည်မှာ ၅၉ ဒသမ ၁၄ ကီလိုမီတာ (၃၆ မိုင် ၆ ဖာလုံ) သို့ပြောင်းလဲခဲ့သည်။ ယခုအခါ ကြိမ်ပင်ဆည်-စက္ကော-ဓနုဖြူ- ဇလွန် လမ်းပိုင်းတွင် လမ်းအထူးအဖွဲ့ (၁၄) က တာဝန်ယူ ဆောင်ရွက်လျက်ရှိသကဲ့သို့ ၅၇ ဒသမ ၇၃ ကီလို မီတာ (၁၀/၅ - ၃၅/၇) မိုင် အပိုင်းအား JICA အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ၅၉ ဒသမ ၁၄ ကီလိုမီတာ (၃၅/၇ - ၃၆/၆) မိုင် အပိုင်းအား ဟင်္သာတခရိုင်လမ်းဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။
၂ဝ၁၇ ခုနှစ် ဇူလိုင်လတွင် ယင်းလမ်း ၁၇ ဒသမ ၁ ကီလိုမီတာ (မိုင် ၀/၀ - ၁၀/၅) ကို လမ်းအထူးအဖွဲ့ (၁၄) ထံမှ လွှဲပြောင်းရယူခဲ့ပြီး ပြင်ဆင်ထိန်းသိမ်း ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ၂ဝ၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ၂၄ ပေအကျယ် ကွန်ကရစ် လမ်း (နှစ်မိုင်) ၃ ဒသမ၂ ကီလိုမီတာ ဆောင်ရွက်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၂၄ ပေအကျယ် ကွန်ကရစ်လမ်း ၁ မိုင် ၃ ဒသမ ၅ ဖာလုံ ထပ်မံ ဆောင်ရွက်နိုင်ခဲ့သည်။
ကြိမ်ပင်ဆည် - စက္ကော - ဓနုဖြူ - ဇလွန်လမ်း ၅၉ ဒသမ ၁၄ ကီလိုမီတာ (၃၅ မိုင် ၇ ဖာလုံ)ကို ၂၀၁၀ ပြည့်နှစ်တွင် Same Sky ကုမ္ပဏီက BOT စနစ်ဖြင့် လမ်းကြေးများကောက်ခံပြီး လမ်းကို ပြုပြင်ဆောင်ရွက်သည်။ ၂၀၁၁ ခုနှစ်တွင် TWP ကုမ္ပဏီက လေလံရယူပြီး လမ်းကြေးများကောက်ခံ၍ လမ်းအား ပြုပြင်ဆောင်ရွက်ခဲ့သည်။
၎င်းနောက် TWP ကုမ္ပဏီသည် ယင်းလမ်းမကြီး ကို ရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ်မတတ်နိုင် သဖြင့် လုပ်ငန်းအပ်နှံခဲ့သည်။
သို့ဖြစ်ပါ၍ အဆိုပါလမ်းအား လမ်းအထူး (၄)ကို ၁-၁-၂၀၁၂ ရက်နေ့တွင် လွှဲပြောင်းပေးခဲ့သည်။ လမ်းအထူးအဖွဲ့ (၄)၊ ညောင်တုန်းမြို့မှ ကြိမ်ပင် ဆည် -စက္ကော -ဓနုဖြူ- ဇလွန်လမ်း ၅၉ ဒသမ ၁၄ ကီလိုမီတာ (၃၅ မိုင် ၇ ဖာလုံ)ကို ရာသီမရွေးသွားလာ နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ခဲ့သည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာ နှစ်များအတွင်း လမ်းအထူးအဖွဲ့ (၄)၊ လေယာဉ် ကွင်းအထူးအဖွဲ့ (၂)၊ မအူပင်ခရိုင်၊ ဟင်္သာတခရိုင် အဖွဲ့များက လမ်းအပိုင်းများ တာဝန်ခွဲ၍ ကတ္တရာ ခင်းခြင်း လမ်းပြင်ဆင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ခဲ့သည်။
၎င်းနောက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစ၍ JICA ချေးငွေအစီအစဉ်ဖြင့် ကြိမ်ပင်ဆည် - စက္ကော- ဓနုဖြူ - ဇလွန်လမ်းတွင် ၅၉ ဒသမ ၁၄ ကီလိုမီတာ (မိုင် ၁၀/၅-၃၅/၇) အပိုင်းအား ၇ ဒသမ ၃၁ မီတာ (၂၄ ပေ) အကျယ် နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို မြန်မာရွှေသရဖူ ကုမ္ပဏီက လုပ်ငန်းတင်ဒါအောင်မြင်ခဲ့ပြီး လမ်းအထူးအဖွဲ့ (၂၁) က ကြီးကြပ်မှုဖြင့် လုပ်ငန်း များ စတင်ဆောင်ရွက်ခဲ့သည်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း လမ်းအထူး အဖွဲ့ (၁၄) က ၈ ဒသမ ၄ ကီလိုမီတာ (၅ မိုင် ၂ ဖာလုံ) ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် ယခုအခါ ကြိမ်ပင်ဆည် - စက္ကော -ဓနုဖြူ -ဇလွန်လမ်းမှာ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ပြီးဖြစ်၍ ဘုရား ဖူးခရီးသွားများအတွက် အဆင်ပြေလျက်ရှိသည်။
ဇလွန်ပြည်တော်ပြန်ဘုရား၏ သမိုင်းအကျဉ်း
မဟာသက္ကရာဇ် ၁၂၃ ခုနှစ် ကဆုန်လပြည့် အင်္ဂါနေ့တွင် ဂေါတမမြတ်စွာဘုရားသည် ညီတော် အာနန္ဒာနှင့်အတူ ရဟန္တာငါးရာခြံရံလျက် ဓညဝတီ ရခိုင်ပြည် စန္ဒသူရိယမင်းထံသို့ ကြွတော်မူခဲ့သည်။ စန္ဒသူရိယမင်းက မြတ်စွာဘုရားကိုယ်စား ရုပ်ပွား တော်တစ်ဆူ သွန်းလုပ်ပူဇော်ခွင့်ပြုရန် လျှောက် ထားသောအခါ မြတ်စွာဘုရား၏ ခွင့်ပြုတော်မူချက် အရ ရှေးဦးစွာ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး (မန္တလေး)ကို ထုလုပ်တော်မူခဲ့သည်။ ထိုမှကြွင်းကျန် သောရတနာတို့ဖြင့် ဒုတိယရှင်ကျော်မုနိ၊ တတိယ ရွေဘုံသာမုနိ၊ စတုတ္ထမာရ်အောင်မြင်မုနိ ရုပ်ပွား တော်များကို ဆက်လက်သွန်းလုပ်ပူဇော်ခဲ့သည်။
မာရ်အောင်မြင်ဗုဒ္ဓရုပ်ပွားတော်ကြီးမှာ ဉာဏ် တော် (ဓမ္မစက်မှ ဦးခေါင်းတော်အထိ) သုံးတောင် နှင့် တစ်လက်မရှိတော်မူသည်။ ပိဿာချိန် စုစုပေါင်းမှာ ၆၆၆ ပိဿာနှင့် ခြောက်ကျပ်သားရှိသည်။ ထိုင်တော်မူရုပ်ပွားဆင်းတုတော်ကြီးဖြစ်သည်။
ဘိုးတော်ဘုရားမှစ၍ ကုန်းဘောင်မင်း အဆက်ဆက်တို့သည် မာရ်အောင်မြင်ရုပ်ပွားတော် အား နန်းဦးတွင် ကိုးကွယ်ထားရှိခဲ့ကြသည်။ ထိုသို့ကိုးကွယ်ရင်း ဆုတောင်းပြည့်လွန်းသဖြင့် “ဆုတောင်းပြည့်ဘုရား” ဟုလည်း ဘွဲ့တော်တွင်ခဲ့ ပြန်သည်။ ပုဂံမင်းလက်ထက်သို့ရောက်သောအခါ ဇလွန်မြို့သူကြီး ဦးရွှေပွင့်သည် အမရပူရ နေပြည်တော်သို့ အခွန်ဘဏ္ဍာတော်များ သွားရောက်ဆက်သရင်း မာရ်အောင်ဘုရားအား ဖူးမြော်ခွင့်ရခဲ့သည်။ ဇလွန်သို့ ပြန်ရောက်သောအခါ မာရ်အောင်ဘုရားကဲ့သို့ ဘုရားတစ်ဆူ သွန်းလုပ် ပူဇော်ရန် ဆန္ဒပြင်းပြခဲ့သည်။ ထို့ကြောင့် မြို့သူ မြို့သားတို့ထံမှ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ၊ ကြေးတို့ကို အလှူခံပြီးအမရပူရသို့ ဘုရားသွန်းလုပ် ရန် ဆန်တက်သွားခဲ့သည်။
ဦးရွှေပွင့်ရောက်သောအခါ ပုဂံမင်း၏ မိဖုရား (သီရိတိသောက မဟာရတနာဒေဝီ) ကျွန်းဦးတွင် တည်ထားကိုးကွယ်ထားသော မာရ်အောင်မြင် ရုပ်ပွားတော်အား ဦးရွှေပွင့်၏ အထပ်ထပ်တောင်းပန် လျှောက်ထားမှုကြောင့် ဇလွန်သို့ ခေတ္တပင့်ဆောင် ခွင့်ပြုခဲ့သည်။ ဦးရွှေပွင့် သွန်းလုပ်သည့်ဘုရား ပြီးစီးပါက ပြန်လည်လဲလှယ်ရန်လည်း မိန့်မှာခဲ့ သည်။
၁၂၁၇ ခုနှစ်သို့ ရောက်သောအခါ အင်္ဂလိပ် စစ်ဗိုလ် (ဆာဂျွန်စမစ်) ရွှေချိန်အမည်ရှိ သင်္ဘောဖြင့် မာရ်အောင်မြင်ရုပ်ပွားတော်မြတ်ကြီးအား အခြားကြေးဆင်တုတော်များနှင့်အတူ အိန္ဒိယနိုင်ငံ ဘုံဘေ မြို့သို့ အမြောက်ဆန်၊ ဗုံးဆန်များပြုလုပ်ရန် သယ်ဆောင်သွားခဲ့ကြသည်။
ဘုံဘေမြို့ဂိုဒေါင်အတွင်း၌ မာရ်အောင်မြင် ဘုရားကြီးအား အရည်ကျိုခြင်း၊ တူနှင့်ထုခြင်း အမျိုးမျိုးဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သော်လည်း လုံးဝဖျက်ဆီး၍မရခဲ့ပေ။ ထိုသို့ဖျက်ဆီးကြသည့် ကုလားလူမျိုး ၆၄ ယောက်မှာလည်း အချို့သွေးအန်ပြီး အချို့ဝမ်းရောဂါဖြင့် သေဆုံးကြရသည်။ ထို အချိန်တွင် ဝိတိုရိယဘုရင်မကြီးမှာလည်း ခေါင်းကိုက်ဝေဒနာ ပြင်းထန်စွာခံစားရပြီး မြန်မာ ပြည်မှ ယူဆောင်လာသော ဘုရားအား မြန်မာပြည်သို့ပြန်ပို့မှ ထိုရောဂါပျောက်ကင်းမည်ဟု အိပ်မက် မက်ခဲ့သည်။ ထို့ကြောင့် ဘုံဘေမြို့ဂိုဒေါင်အတွင်း အခြားကြေးဆင်းတုများ ကြေးခေါင်းလောင်းများ ပျက်စီးသွားကြသော်လည်း မပျက်စီးဘဲ ကြွင်းကျန်သောဘုရားမှာ မာရ်အောင်မြင်ဘုရားဖြစ်လိမ့်မည် ဟု ယူဆကြပြီး မြန်မာသက္ကရာဇ် ၁၂၁၉ ခုနှစ်တွင် အင်္ဂလိပ်တို့က မြန်မာပြည်သို့ ပြန်ပို့ခဲ့ကြသည်။
မာရ်အောင်ဘုရားကြီးကို မာရ်အောင်မြင်နန်းဦး ဆုတောင်းပြည့်ပေါ်တော်မူဘုရားဟူသော ဘွဲ့တော် များအပြင် အိန္ဒိယပြည်မှ နေရင်းဒေသ မြန်မာပြည်သို့ ပြန်ကြွလာခဲ့ခြင်း၊ ဟင်္သာတမြို့မှ ဇလွန်မြို့သို့ ပြန်ကြွလာခဲ့ခြင်းတို့ကြောင့် “ပြည်တော်ပြန် ဘုရား”ဟု ယနေ့တိုင် ဘွဲ့အမည် ထင်ရှားကျော်ကြား ခဲ့သည်။ မာရ်အောင်မြင် ပြည်တော်ပြန်ဘုရားကြီးတွင် ဓမ္မစက်ဂါထာတော်အပြင် နဖူးသင်း ကျစ်တော်ဂါထာ၊ လက်ျာလက်ရုံးတော်ဂါထာ၊ လက်ဝဲလက်ရုံးတော်ဂါထာများ ပါရှိခြင်းမှာလည်း ထူးခြားကြည်ညိုဖွယ်ရာဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။