ညောင်ဦး မေ ၂

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံလူရည်ချွန်စခန်းမှ Grade-9 လူရည်ချွန် ကျောင်းသား/ကျောင်းသူများသည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းအထင်ကရဘုရားများ ဖူးမြော်လေ့လာခြင်းကို ယနေ့ နံနက် ၈ နာရီမှစတင်ကာ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ယွန်းလုပ်ငန်းများ၊ ယွန်းပညာကောလိပ်၊ အောင်မြေကုန်းနန်းတော်ရာနှင့် ပုဂံရှေးဟောင်း သုတေသနပြတိုက်တို့အား လေ့လာခဲ့ကြောင်း သိရသည်။

 

ပုဂံလူရည်ချွန်စခန်းမှ စခန်းမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်း ဦးဆောင်ကာ ကြီးကြပ်သူ ဆရာ/ဆရာမများ လိုက်ပါလျက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူရည်ချွန် ကျောင်းသား/ကျောင်းသူ (၁၆၀) တို့သည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံမြို့သစ်ရှိ ဦးဘငြိမ်း ယွန်းထည်လုပ်ငန်းအား လေ့လာခြင်း၊ ပုဂံမြို့ဟောင်းရှိ ပုဂံယွန်းပညာကောလိပ် ယွန်းနှီးစဉ်ခန်းမ၌ ယွန်းလုပ်ငန်း ပြုလုပ်ပုံအဆင့်ဆင့်အား လေ့လာခြင်း၊ သီရိဇေယျဘူမိ ပုဂံရွှေနန်းတော်ကြီးအား လေ့လာခြင်း၊ အနော်ရထာမင်းကြီးနှင့် ကျန်းစစ်သားမင်းကြီးတို့ နန်းစံခဲ့သည့် အောင်မြေကုန်း နန်းတော်ရာအား လေ့လာခြင်းနှင့် ပုဂံရှေးဟောင်း သုတေသပြတိုက်တို့အား လေ့လာကြရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) တာဝန်ရှိသူများ၊ ပုဂံရှေးဟောင်းသု တေသနပြတိုက် တာဝန်ခံ ဒေါ်ခက်ခက်လှနှင့် ဝန်ထမ်းများ၊ ပုဂံယွန်းပညာကောလိပ် ဝန်ထမ်းများမှ ရှင်းလင်းပြသပေးရာ လူရည်ချွန် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းကြသည်။

 

ဆက်လက်၍ ပုဂံရှေးဟောင်း သုတေသနပြတိုက်တွင် Grade-9 လူရည်ချွန် ကျောင်းသား/ ကျောင်းသူများက အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။

 

ဒီပါလင်း