ဒေါက်တာ မြတ်မိုး
မြန်မာလူမျိုးအများစုကား ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ ဗုဒ္ဓ၏ နေ့ထူးနေ့မြတ်များအနက် ကဆုန်လပြည့်နေ့သည် ကမ္ဘာ့ဗုဒ္ဓဘာသာဝင်အပေါင်း အထူးအလေးအမြတ်ပြုပူဇော်ရာ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓနေ့တစ်နေ့အဖြစ် ထင်ရှားသည်။ ထူးခြားသောဤနေ့ကို ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အရ ဗုဒ္ဓဘာသာဝင်တို့အတွက် လေးစားဂုဏ်ယူဖွယ်ရာ နိုင်ငံတကာရုံးပိတ်ရက်တစ်ရက်အဖြစ် သတ်မှတ်ခဲ့သည်မှာ ၁၉၉၉ ခုနှစ်ကတည်းက ဖြစ်သည်။
ထူးခြားသောဂုဏ်ဒြပ်များဖြင့် တိုက်ဆိုင်သော နေ့ထူးနေ့မြတ်အခါတွင်
ဘုရားဖြစ်မည်ဟု နိယတဗျာဒိတ်တော်ခံယူတော်မူခဲ့သော၊ ဗျာဒိတ်တော်လာအတိုင်း ဘုရားလောင်း သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သော၊ သဗ္ဗညုတဉာဏ်တော်ကိုရရှိပြီး ဘုရားပွင့်တော်မူခဲ့သော၊ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူခဲ့သော နေ့များအားလုံးသည် ထူးထူးခြားခြားဖြစ်လောက်အောင် တိုက်ဆိုင်နေ၍ နေ့ထူးနေ့မြတ်တစ်ခုအဖြစ် ပူဇော်အပ်သောဂုဏ်ဒြပ်တို့ဖြင့် ပြည့်စုံလှသည်၊၊
ကမ္ဘာ့လူသားတို့အပေါ် အလိုအပ်ဆုံးသော ကာယ၊ စိတ္တ နှစ်ဖြာသောသုခကို ပေးစွမ်းနိုင်ခြင်း တည်းဟူသော ဂုဏ်ဒြပ်၊ မေတ္တာစွမ်းအားဖြင့် ဓမ္မက အဓမ္မကို အနိုင်ယူခဲ့သော မြတ်ဗုဒ္ဓဘုရားရှင်၏ ကျေးဇူးတော်ကို အမှူးပြု၍ ကမ္ဘာကြီးငြိမ်းချမ်း သာယာမှုအပေါ် ပေးစွမ်းထောက်ကူနိုင်သော လက္ခဏာများဖြင့် ပြည့်စုံခြင်းဟူသော ဂုဏ်ဒြပ် ဤကောင်းကျိုးအမှတ်အသားများကြောင့် မြန်မာတို့ အထူးအမြတ်ထားရာ ဤကဆုန်လပြည့်နေ့ကို ကမ္ဘာ့ဗုဒ္ဓဘာသာနေ့တစ်နေ့အဖြစ် သတ်မှတ်ခြင်း ခံရသည်ဟု မှတ်သားမိသည်။
ဤသို့မှတ်ယူမှုနှင့် အသိအမှတ်ပြုမှုကို ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်အားလုံး တန်ဖိုးထားလေးစားဂုဏ်ယူသင့်ကြသည်။ ကျေးဇူးရှင် မြတ်စွာဘုရားနှင့် ကျေးဇူးတော်ရှင် ဆရာတော်၊ သံဃာတော်ကြီးများ၏ အဆုံးအမ ဟောကြားဓမ္မတရား များကို လေးစားနာယူ လိုက်နာကျင့်သုံးခြင်းဖြင့် လည်းကောင်း၊ လူသားအချင်းချင်း တစ်ဦးအပေါ်တစ်ဦး မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတည်း ဟူသော ဗြဟ္မဝိဟာရတရားလေးပါးကို အခြေခံကာ မိသားစုညီအစ်ကိုမောင်နှမများပမာ ကူညီ စောင့်ရှောက်ကြခြင်းဖြင့်လည်းကောင်း ငြိမ်းချမ်းသာယာသော ဤလူ့အဖွဲ့အစည်း ဤကမ္ဘာကြီးကို ကောင်းစွာတည်ဆောက်သင့်ကြပြီဟု ခံယူမိသည်။
အရာအားလုံးအတွက်ဓမ္မဖြင့်သာ အားပေးလျက်
ကမ္ဘာအနှံ့၊ နေရာအနှံ့ လုံခြုံမှုစိတ်ချရမှု အားနည်းနေခိုက် အခါသမယတွင် အားလုံးအတွက် အေးချမ်းမှုကိုသာ ပေးချင်ပါသည်။ ဗုဒ္ဓ၏ဓမ္မတရားများကို ရင်ထဲ၊ နှလုံးသားထဲ ထူးကဲစွဲ၍ သတိမြဲမြံ၊ အသိမှန်ဖြင့် လိုက်နာဆောင်ရွက်စေလို၍ လောကီ နယ်ဝယ် အကျိုးထူးအောင် ပူဇော်ပေးချင်သည့် ဆန္ဒအမှန်သာဖြစ်ပါသည်။ မငြိမ်းချမ်းမှု၊ ပူပန်မှု၊ သောကဗျာပါဒများထဲဝယ် ခေတ္တခဏလေးပဲဖြစ်ဖြစ် ငြိမ်းချမ်းမှုကို ရှာတွေ့စေချင်သည်၊ ပူပန်မှုများ လျော့စေလိုသည်၊ သောကများကင်းစေလိုသည်၊ ဗျာပါဒများ ဝေးစေလိုသည်။ မည်သည့်အရာပဲလုပ်လုပ် ငြိမ်းငြိမ်းချမ်းချမ်းလေးဖြင့် အောင်မြင် ပြီးမြောက်သွားစေလိုသည်။ ကြိုးစားသမျှ အရာထင်စေချင်သည်။ စိတ်ဓာတ်ကျနေသူများကို မှတ်သားမိသမျှ မြတ်တရားဖြင့် စိတ်ဓာတ်များ ပြန်လည်မြှင့်တင်ပေးချင်သည်။ ထို့ကြောင့်လည်း ဓမ္မဖြင့် အကောင်းဆုံးလှုံ့ဆော်နေခြင်းဖြစ်ပါသည်။
ခေတ်ကာလအခြေအနေအရ မပြည့်စုံသည့် အခြေအနေတွင် တင်းတိမ်ရောင့်ရဲနိုင်စွမ်းများ နည်းနေတတ်ကြသည်ကို သတိပြုမိသည်။ အလိုမကျမှု၊ မကျေနပ်မှုများ၊ စိတ်မရှည် အဆင်မပြေမှု၊ ပူလောင်အားငယ်ဝမ်းနည်းစရာများဖြင့် ဒေါသတရားများ ကြီးစိုးနေကြသည်။ လိုချင်ရမ္မက်ဖြင့် လောဘတရားများ အားကြီးနေကြသည်။ ဘယ်အရာ ကုသိုလ်၊ ဘယ်အရာ အကုသိုလ်မှန်းမသိ၊ အမှားအမှန် မခွဲခြား၊ မောဟတရားများဖြင့် ပြည့်နေကြသည်။ တစ်ခါတစ်ရံ ပြည့်စုံခြင်း၊ မပြည့်စုံခြင်းထက် ကိုယ့်အတွက်ရသည့် အချိန်တို လေးမှာပင် အကျိုးမရှိခြင်းများနှင့်သာ အချိန်ကုန် နေကြပြန်သည်။
မငြိမ်းချမ်းမှုကို ပေးစွမ်းသည့် အားနည်းချက်များက ပိုများလာ
လူတိုင်းတွင် ပန်းတိုင်ဆိုသည်မှာ ရှိကြသည်၊ နိုင်ငံတိုင်းတွင် ရည်မှန်းချက်များရှိကြသည်။ ရောက်အောင် သွားနေကြသော်လည်း ဤနေ့ ဤကာလမှာ ခရီးမတွင်သည်က များသည်။ သာယာသည့်လမ်း၊ သန့်ရှင်းသည့်လမ်းကား ရှားလှသည်။ နေရာစုံ၊ နယ်ပယ်စုံတွင် အနှောင့်အယှက်များသာ တွေ့ရတတ်သည်။ ထိခိုက်နစ်နာအောင်၊ ကျရှုံးအောင် တိုက်ခိုက်မှုက များသည်ထက်များလာသည်။ စိတ်ချမ်းသာအောင်၊ ပျော်ရွှင်အောင် ပြောနိုင်၊ လုပ်နိုင်သူများ နည်းလာသည်။ ခင်မင်မှု များနည်းလာပြီး အပေါင်းအသင်းဖြစ်ချင်သူ ရှားလာသလို တစ်ဖက်သတ်ဖိအားပေးခြင်းများသာ တိုးလာသည်။
ထို့ပြင် အယူစွဲ၊ ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲများအောက်တွင် လူအများသည် ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်၊ ခံယူချက်များ နည်းနေတတ်သည်ကို တွေ့လာရသည်။ ကိုယ့်ကိုယ်ကိုယ်ပင် မယုံကြည်သူသည် သူများအပေါ်တွင်လည်း ယုံကြည်မှုမည်သို့မျှ မပေးနိုင်၊ နားလည်မှုပေးနိုင်စွမ်းလည်း လျော့ပါးလာမည် မှာသေချာသည်။ ယုံကြည်နားလည်နိုင်စွမ်း မရှိသည့်အခါ စည်းလုံးညီညွတ်မှုလည်း အားနည်းလာသည်။ ထိုအခါ အပြုသဘောအားနည်းလာပြီး အကောင်းမြင်သဘောတရားများလည်း ဆိတ်သုဉ်း လာလေတော့သည်၊၊
တစ်ဖန် အကောင်းမမြင်မှုက အဆုံးမှာ အမုန်းကိုသာ ပေးစွမ်းတော့သည်။ ဆိုးရွားညစ်ပတ်သည့် အမှိုက်သရိုက်များဟုဆိုကြသည်။ သွားနေ သည့်လမ်းတစ်လျှောက်တွင် သူများချထားသည့် အမှိုက်ကိုလည်း ရှင်းလင်းဖယ်ရှားရသကဲ့သို့ ကိုယ့်ဆီ တွင်ရှိနေသည့် အဇ္ဈတ္တအမှိုက်ကိုလည်း မြင်အောင် ကြည့်နိုင်စွမ်းရှိသူ နည်းပါးလာသည်။ ကိုယ်တွင်း အမှိုက်များ စုပုံလာလျှင် ကိုယ်ခန္ဓာကြီးသည်လည်း အမှိုက်ပုံကြီးသာ ဖြစ်သွားတတ်သည်ကို သတိထားရမည်။ သို့မဟုတ်ဘဲ အပြင်အမှိုက်သရိုက်သာမက ကိုယ်တွင်းအမှိုက်များပါ မဖယ်ရှားနိုင်လျှင် တစ်ချိန်တွင် နာလန်မထူနိုင်အောင် ပျက်စီးသွားနိုင်ခြေ ရှိသည်ကိုလည်း ဆင်ခြင်ထားနိုင်ရမည်။
ရှောင်ကုသိုလ် ဆောင်ကုသိုလ်ဖြင့် မိမိအတွင်းစိတ်ကိုမိမိအနိုင်ယူ
အဇ္ဈတ္တအမှိုက်က ဗဟိဒ္ဓအမှိုက်ထက် ပိုကြောက်စရာကောင်း၍ မိမိကိုယ်တွင်းအမှိုက်ကို တစ်စချင်း၊ တစ်စချင်း ဦးစွာရှင်းထားသင့်သည်။ စိတ်တွင်ညစ်နွမ်းနေသည့် အဆိပ်အတောက်များကို ဦးစွာဖယ်ရှားနိုင်ရန်ပင်ဖြစ်သည်။ အကုသိုလ်အဆိပ် များနေရာတွင် ကုသိုလ်ဆေးများဖြင့် အစားထိုး ဖယ်ရှားနိုင်ရန် အရေးကြီးလှသည်။ လောဘ၊ဒေါသ၊ မောဟတရားများသည် ပြုမိစေတနာအယူမှန်ဖြင့် ယှဉ်တွဲမှုအပေါ်တည်၍ အကုသိုလ်ဒီဂရီပြင်းအား အမျိုးမျိုးရှိသည်။ အကုသိုလ်ကိုသိ၍ ရှောင်နိုင်လျှင် ရှောင်ကုသိုလ်ဖြစ်ရုံမက ဒါန၊ သီလ၊ ဘာဝနာနှင့်တကွ အခြေခံကျသော မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသောတရားများဖြင့်လည်း ဆောင် ကုသိုလ်ဖြစ်နေပါပြီ။ အရာရာမမြဲ၊ ဘယ်အရာမှ ငါ့အလိုမလိုက်အစိုးမရ၊ အရာရာသည် ဖြစ်ပြီးပျက်ပြန် အဖန်ဖန်ဆင်းရဲခြင်းသဘောတည်း ဆိုသည်ကို ဘာဝနာပွား၍သာ သိရမြင်ရတတ်သည်ဖြစ်၍ အချိန်လေးရသမျှ တရားအားထုတ် ရှုမှတ်အလေ့အကျင့်လေးကို ပြုလုပ်စေချင်သည့် စေတနာဟူသော စေတသိက်တစ်မျိုးကို စေ့ဆော်မှု အဖြစ်မြင်စေလိုသည်။
ကြီးမားစွမ်းအားမေတ္တာတရား
ဗြဟ္မစိုရ်တရားလေးပါးတွင် သူ့အကျိုးကို လိုလား၍ သူ့ခံစားချက်ကို ကိုယ့်ဆီမျှဝေယူကာ သူ့အတွက်ပိုပြီး လုပ်ပေးလိုက်ခြင်းမျိုးသည် မေတ္တာ ဓာတ်ဖြစ်သည်။ မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံ၊ နေထိုင်ရာကမ္ဘာကြီးအထိ ငြိမ်းအေးစေချင်လျှင် ဦးဆုံးမိမိမှာငြိမ်းချမ်းနေရန်လိုသည်။ မိမိအတွင်း ငြိမ်းအေးနေမှ ပြင်ပကမ္ဘာကြီးက ငြိမ်းချမ်းသာယာမည်။ အားလုံးသောစွမ်းအားများအနက် မေတ္တာ စွမ်းအားက အကြီးမားဆုံးစွမ်းအားဟုဆိုကြသည်။ ကိုယ့်မေတ္တာကို ဖြန့်ကြက်နိုင်စွမ်းသည်ပင် မိမိ၏အအေးဓာတ်ကို မျှဝေခြင်းဖြစ်သည်။ တစ်နည်း သူခံစားရသမျှကို ခံစားနားလည်ပေးပြီး သူ့အကျိုးကို ဆောင်ပေးလိုက်ခြင်းသည်ပင် မေတ္တာစီးဖြန်း ပေးလိုက်ခြင်းဟုဆိုသည်။
ဘာဝနာသဘောဖြင့်၊ မေတ္တာပွားခြင်းဖြင့် ဘေးကင်း၊ ရန်ကင်းရှိလာကြပြီး စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲမှုများမှလည်း ဝေးကွာသွားတတ်ကြသည်။ ခန္ဓာဝန်ကိုလည်း ကျန်းကျန်းမာမာ၊ ချမ်းချမ်းသာသာဖြင့် ဆောင်ရွက်နိုင်စွမ်းရှိလာကြသည်။ မေတ္တာစိတ်ကို အရပ်မျက်နှာစုံ၌ မျှဝေတတ်ခြင်းက အများ၏ချစ်ခင်မြတ်နိုးမှုကို ရနိုင်စွမ်းပြီး ရန်သူ၏ ချစ်ခင်မှုကိုပင်ရနိုင်သည်။ အားလုံး၏ အစာင့်အရှောက်ကိုလည်း ရနိုင်ကြသလို သူတစ်ပါးတို့၏ ဖျက်ဆီးခြင်းရန်မှလည်းဝေးကာ မတွေမဝေဘဲ ချမ်းချမ်းသာသာဖြစ်ကြရသည်ဟု မှတ်သားဖူးသည်။ မိမိက ဦးစွာပေး၍ မိမိကပြန်ရလိုက်သော မေတ္တာဘာဝနာ၏စွမ်းအားကား အလွန်ကြီးမားလှသည်။
ပွားများအပ်ရာ ကရုဏာ၊ မုဒိတာနှင့်ဥပေက္ခာ
သူတစ်ပါးဆင်းရဲဒုက္ခရောက်မည်ကို မည်သို့မျှ မလိုလား၊ ဆင်းရဲခြင်းဒုက္ခတွေ့လျှင်ပင် ထိုဆင်းရဲ ဒုက္ခမှလွတ်ကင်းအောင် သနားကြင်နာစိတ်ဖြင့် ဖယ်ရှားပေးရဲသည့်သတ္တိကား ကရုဏာစွမ်းအားပင် ဖြစ်သည်။ ဤကာလမျိုးတွင် ထိုသို့သောကရုဏာ စိတ်ကို ထားနိုင်ကြလျှင်ဖြင့် ကိုယ်ကိုယ်တိုင်လည်း အေးချမ်းနေမည်၊ဒုက္ခရောက်သူ အများသူငါအတွက်လည်း ဆင်းရဲခြင်း၊ အနှိပ်စက်ခံရခြင်းဘေးဘယာတို့မှ လွတ်ကင်း ကြမည်ဟု မြင်မိသည်။
တစ်ခါတစ်ရံ မေတ္တာ၊ ကရုဏာတို့ကား ထားရလွယ်သည်။ မုဒိတာကို ပွားရန်ခက်နေသူက ပိုများသည်။ ကိုယ့်ထက်မြင့်လာလျှင်၊ ကိုယ့်ထက်စည်းစိမ်ဥစ္စာ၊ ပစ္စည်းဂုဏ်ဒြပ်များ ကြွယ်ဝလာလျှင် ဝမ်းမြောက်ခြင်းမဖြစ်၊ မနာလိုငြူစူခြင်းသာ ဖြစ်ရ သည့်သဘောကား အတော်များများမှာ တွေ့ရကြုံရတတ်သည်။ မနာလိုခြင်းများနှင့် ပြည့်နေသော ဤလူ့အဖွဲ့အစည်းနှင့် ကမ္ဘာကြီးသည် ပျော်ရွှင်ခြင်းတို့နှင့်ကင်းပြီး မည်သည့်အခါမှလည်း ငြိမ်းချမ်းနိုင် မည်မဟုတ်ပါ။ ထို့ကြောင့် ထိုသူပိုင်ဆိုင်သော စည်းစိမ်ချမ်းသာ၊ သူရထားသောဂုဏ်၊ ရာထူး မည်သည့်အခါမှ မရွေ့လျောမဆုံးရှုံးပါစေနှင့်ဟု ပွားများပေးခြင်းတည်းဟူသော မုဒိတာဘာဝနာ ဖြင့်သာ အားလုံးကို ပျော်ရွှင်ချမ်းသာအောင် ဆောင်ရွက်ပေးနိုင်ကြောင်းကိုလည်း မျှဝေလိုသည်။
နောက်တရားတစ်ခုမှာ ဥပေက္ခာတရားပင် ဖြစ်သည်။ ကိုယ့်အကျိုး မလိုလားလို့လည်း သူ့ကိုမမုန်း၊ ကိုယ့်အကျိုးလိုလား၍လည်း သူ့အပေါ် ချစ်ရာမရောက်တတ်၊ ကိုယ်ပြုသည့်ကံ ကိုယ်ပိုင် ဥစ္စာဟု ခံယူထားသည့်အတွက် ချစ်ခြင်း၊ မုန်းခြင်း ကင်း၍ ငြိမ်းချမ်းခြင်းသို့ ရောက်ခြင်းသည်ပင် ဥပေက္ခာတရားမည်ပါသည်။ ဆိုလိုသည်မှာ ကိုယ်ကမေတ္တာပွားလို့လည်း သူချမ်းသာချင်မှ ချမ်းသာမည်။ ကိုယ်က ကရုဏာထားလို့လည်း သူဆင်းရဲဒုက္ခမှ လွတ်ချင်မှလွတ်မည်။ ကိုယ်မုဒိတာ ထားတိုင်းလည်း သူ့စည်းစိမ် မဆုတ်ယုတ်ဘဲ ရှိချင်မှရှိမည်။ ကံသာလျှင် ကိုယ်ပိုင်ပစ္စည်း မဟုတ်ပါလားဟု ဆင်ခြင်ခြင်းဖြင့် မိမိကိုယ်တွင်း ငြိမ်းချမ်းခြင်းကို အမှန်ရရှိနိုင်မည်။
အားလုံးသော ထိုထိုလေးပါးဗြဟ္မစိုရ်တရားတို့သည်ကား ငြိမ်းချမ်းကြောင်း ကုသိုလ်တရား၊ လူ့အဖွဲ့အစည်းနှင့် ကမ္ဘာကြီးငြိမ်းချမ်းရေးအတွက် အာမခံချက်ရှိသော အဖိုးအနဂ္ဃထိုက်သည့် ဗုဒ္ဓဓမ္မ တရားများပင်ဖြစ်သည်။ ထို့ကြောင့်လည်း ဗုဒ္ဓ ဘာသာဝင် မြန်မာလူမျိုးတို့သည် သဗ္ဗညုတ ဉာဏ်တော်ရရှိခဲ့ရာ ဘုရားရှင်ပွင့်ရာ ပရိဘောဂစေတီ ဗောဓိညောင်ပင်ကို ရည်မှန်း၍ ဗောဓိညောင်ပင်ခြေရင်းတွင် နှစ်စဉ်ကဆုန်လပြည့်နေ့ ရောက်တိုင်း ရေသွန်းလောင်းကြခြင်းဖြစ်သည်။ ထိုသို့ အစဉ်အလာမပြတ် ကုသိုလ်ယူ ရေ သွန်းလောင်းပက်ဖျန်းခြင်းသည် ယခုကဲ့သို့ ပူပြင်းသောရာသီဥတုတွင် နွမ်းလျမှုမှလန်းဆန်းခြင်း၊ ခြောက်သွေ့မှုမှ အေးချမ်းမှုနိမိတ်ကို ဆောင်ပါသည်။
ကုသိုလ်ထက် အကုသိုလ်က ပိုများနေသည့် အခြေအနေတွင် မရထိုက်သည်ကို မယူမိစေဘဲ ရထိုက်သည်ကိုသာ ရမြဲရနေအောင် သုစရိုက်အမှု များကိုသာ ပြုမြဲပြုမိစေရန် ဆင်ခြင်ကြည့်မိပါသည်။ ယခုကဲ့သို့ ကျေးဇူးရှင်မြတ်ဗုဒ္ဓဘုရား အောင်မြင်တော်မူရာ အခါသမယကို အခွင့်ယူ၍ လေးပါးဗြဟ္မစိုရ်တရား အားကိုးထားကာ မတူကွဲပြားမှုများအကြား ညီညီညွတ်ညွတ် ယှဉ်တွဲ နေထိုင်နိုင်ကြပါစေဟူ၍ ဓမ္မအမွေဖြင့် ခွန်အားဖြစ်ကြစေရန် ဆန္ဒပြုလိုက်ရပါတော့သည်။ ။