ရန်ကုန် မေ ၃
ယနေ့သည် ဖွား၊ပွင့်၊ ဟော၊ စံ ဗျာဒိတ်ခံသည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ် ဖြစ်သည့်အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီ တော်မြတ်ကြီးနှင့် ဘုရား၊ စေတီ၊ ပုထိုးများ၌ ဥပုသ်သီတင်း ဆောက်တည်ကြသူများ၊ ကုသိုလ်ဒါန ကောင်းမှုပြုကြသူများ၊ ညောင်ရေသွန်း လောင်းကြသူများဖြင့် စည်းကားများပြားလျှက်ရှိသည်၊၊
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှုးကျင်းပသည့် အကြိမ်(၄၀) မြောက် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲအခမ်းအနားကို ယနေ့ နံနက်(၅) နာရီမှစတင်၍ ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာ အသီးသီး၌ ကျင်းပသည်၊၊
ရှေးဦးစွာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းပွဲကို စေတီတော် ရင်ပြင်ရှိ ဧည့်တန်ဆောင်း၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာချုပ် တိုင်းမှူးဗိုလ်ချုပ် ဇော်ဟိန်းနှင့်ဇနီး တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဂေါပကအဖွဲ့ဝင်များနှင့်ဘာသာ ရေးဝတ်အသင်းအဖွဲ့များက ဗုဒ္ဓပူဇာအဖြစ် ဗုဒ္ဓမြတ်စွာ ဘုရားရှင်အား အရုဏ်ဆွမ်းတော်ကြီးနှင့် ဆွမ်း၊ ပန်း၊ရေချမ်း၊ သစ်သီး၊ ဆီးမီးများ ဆက်ကပ်လှူဒါန်း ပူဇော်ကြပြီး စေတီတော်မြတ်ကြီးအား မြတ်ဘုရားရွှေတိဂုံ ဂါထာဖြင့် ရှိခိုးပူဇော်ခြင်း ၊နဝင်္ဂသီလ ခံယူ ဆောက်တည်ခြင်း ဘုရားတရား၊ သံဃာဂုဏ်တော်များ၊ ရွတ်ပွားပူဇော်ခြင်း၊ မေတ္တာဘာဝနာပွား များခြင်း၊ ဆုတောင်းအမျှဝေသာဓုခေါ်ဆိုခြင်းတို့ ဆောင်ရွက်ကြသည်၊၊
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဂေါပကအဖွဲ့ဝင် များသည် ရွှေတိဂုံစေတီတော် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန် ဆောင်း၌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများအား အာရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းကြသည်၊၊
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးဝတ်အသင်းအဖွဲ့များသည် အကြိမ် (၄၀) မြောက် ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲကျင်းပရန် စေတီတော်ရင်ပြင် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှ ရွှေတိဂုံစေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည် ပူဇော်ကြပြီး အခမ်းအနားကျ င်းပမည့် မဟာဗောဓိညောင်ပင်နေရာ၌ နေရာယူကြသည်၊၊
ဆက်လက်၍ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများက ပရိဘောဂစေတီ(မဟာဗောဓိညောင်ပင်)အား ဗုဒ္ဓါဘိသေက မင်္ဂလာအနေကဇာ တင်လှူပူဇော်ကြသည်၊၊
ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိ ဦးထိန်ဝင်းက ဗောဓိရုက္ခ ဥဒက ပူဇာမင်္ဂလာ စာတမ်းလွှာကို ဖတ်ကြားလျှောက်ထားပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော် မဟာဝိသုဒ္ဓါရုံ တိုက်သစ် ဦးစီးပဓာန နာယက တိပိဋကဓရ၊ တိပိဋကဘဏ္ဍာ ဂါရိက အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တသီရိန္ဒာ ဘိဝံသထံမှ ဧည့်ပရိသတ်များက နဝင်္ဂသီလ ခံယူဆောက်တည်ကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ တာဝန်ရှိသူများက ဩဝါဒါစရိယ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူ ဒါန်းကြ၍ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ တိပိဋကဓရ ပါဠိပါရဂူ ဘဒ္ဒန္တနာဂိတထံမှ အနုမောဒနာတရားနာကြားပြီး လှူဒါန်းမှုစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ထို့နောက် ဩဝါဒါစရိယဆရာတော်ကြီးများ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ တာဝန်ရှိသူများ၊ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းဖွဲ့များနှင့် ဘုရာဖူးလာပြည်သူများက ဗောဓိ ညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ကြသည်။
ယနေ့တွင် စေတီတော်မြတ်ကြီးသို့ ဘုရားဖူးလာပြည်သူများအား အလှူရှင်များက စတုဒိသာများ ကျွေးမွေး လှူဒါန်းကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးနှင့် တာဝန်ရှိသူများသည် ဆူးလေစေတီတော်နှင့် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဂေါပကအဖွဲ့တို့က ကြီးမှူးကျင်းပသည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့)ညောင်ရေသွန်းလောင်ပူဇော်ပွဲများသို့ သွားရောက်ကြပြီး ဗောဓိညောင်ပင်အား ဘုရားဖူးလာ ပြည်သူများနှင့်အတူ ညောင်ရေသွန်းလောင်း ပူဇော်ကြပြီး စတုဒိသာ ကျွေးမွေးနေမှုများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ထို့အပြင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်း၊ အန္တရာယ်ကင်းပရိတ်တရားတော်များနာခြင်းနှင့် ကဆုန်လပြည့်(ဗုဒ္ဓနေ့) ညောင်ရေသွန်းလောင်းခြင်း အခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် စေတီတော်အတွင်း၌ ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များက ဂေါတမရုပ်ပွားတော်မြတ်ရှေ့တွင် ဗုဒ္ဓါဘိသေက အနေကဇာ တင်တော်မူကြသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာသဒ္ဒမဇောတိကဓဇ ဘဒ္ဒန္တကေသရာ ဘိဝံသဆရာတော်ထံမှ ဂေါပကအဖွဲ့ဝင်များနှင့် ဧည့်ပရိတ်သတ်များက နဝင်္ဂ သီလခံ ယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ ချီးမြှင့်တော်မူသည့် အန္တရာယ်ကင်းပရိတ်တရားတော်များ နာကြားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ၍ နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တကေ သရာဘိဝံသဆရာတော်ထံမှ အနုမောဒနာတရားနာကြားပြီး လှူဒါန်းမှုအစုစု တို့အတွက် ရေစက်ချအမျှပေးဝေကြသည်။
ဆက်လက်၍ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးဝတ်အသင်း ၂၃ သင်းတို့မှ ဗောဓိညောင်ပင်၌ ညောင်ရေ သွန်းလောင်းပူဇော်ကြသည်။
အလားတူ လောကချမ်းသာ အဘယလာဘမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ရှေးဟောင်းသမိုင်းဝင် အပရာဇိတ ဆံတော်ရှင် ကျိုက်ဝိုင်းစေတီတော်၊ ရွှေဘုန်းပွင့်စေတီတော်၊ ဝရဒါဋ္ဌာ ဓာတုစေတိယ စွယ်တော်မြတ် စေတီတော်(ရန်ကုန်)၊ မဟာဝိဇယစေတီတော်၊ ငါးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီးဘုရား၊ ကိုးထပ်ကြီး ဘုရားတို့၌လည်း သက်ဆိုင်ရာ စေတီတော်ဂေါပကအဖွဲ့ဝင်များ ကြီးမှူး၍ ညောင်ရေသွန်းလောင်း ပူဇော်ပွဲများ ကျင်းပကြကြောင်း သိရသည်။
(သတင်းစဉ်)