မေ ၄

အိန္ဒိယနိုင်ငံအလယ်ပိုင်း ချဟတ်တစ်ဂတ်ပြည်နယ်တွင် ယမန်နေ့ညပိုင်းက ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သောကြောင့် အမျိုးသမီးငါးဦးနှင့် ကလေးနှစ်ဦးအပါအဝင် ၁၁ ဦးသေဆုံးခဲ့ပြီး အခြားတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါယာဉ်မတော်တဆမှုသည် ဘာလော့ခရိုင် ဂျာဂါထရာဒေသအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထရပ်ကားတစ်စီးနှင့် ကားတစ်စီးတိုက်မိရာမှလူ ၁၁ ဦးသေဆုံးခဲ့ပြီး ကလေးငယ်တစ်ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ ဒဏ်ရာရရှိသော ကလေးငယ်ကို ထိုပြည်နယ်မြို့တော်ရိုင်ပါရှိဆေးရုံတစ်ရုံသို့ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

ထိုပြည်နယ်နှင့်အိမ်နီးချင်းခရိုင်တွင် ကျင်းပသော မင်္ဂလာပွဲသို့တက်ရောက်ခဲ့ပြီးနောက် နေရပ်သို့ပြန်လာရာလမ်းတွင် ၎င်းတို့၏ကားနှင့် မျက်နှာချင်းဆိုင်မှလာသော ထရပ်ကားတို့ တိုက်မိခဲ့ခြင်းဖြစ်သည်။ ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ထိုကားမှာဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့သည်။

ယင်းကားပေါ်ပါသူများအနက် သေဆုံးသူအားလုံးသည် မိသားစုတစ်စုထဲမှဖြစ်ကြောင်းနှင့် အလုပ်သမားအလုပ်ဖြင့် သက်မွေးဝမ်းကြောင်းသူများဖြစ်ကြောင်း ဒေသခံရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို