နေပြည်တော် ၁၅ ဖေဖော်ဝါရီ
နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှများ၊ ခရီးသွားဆွဲဆောင်သည့်နေရာများ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များ၊ လူနေမှုဘဝပုံစံများကို ကြည့်ရှုလေ့လာ သိမြင်ခံစားနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အဆက်မပြတ် ဝင်ထွက်သွားလာလည်ပတ်လျက်ရှိသည်။
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်နေ့မှ ဖေဖော်ဝါရီ ၁၄ ရက်နေ့အထိတာချီလိတ်နယ်စပ် ဝင်/ထွက်ပေါက်မှတစ်ဆင့် ညအိပ်/ နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် ထိုင်းနိုင်ငံသား (၂၀၇၃၇) ဦးနှင့် တတိယနိုင်ငံသား နိုင်ငံခြားသားခရီးသွားဧည့်သည်(၁၇၆) ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ်အနေဖြင့် ထိုင်းနိုင်ငံသား အများစုပါဝင်သော တတိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည်(၃၄၀) ဦး၊ ပြည်တွင်းခရီးစဉ်သို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွားဧည့်သည် (၁၇၇၈) ဦးရှိ ကြောင်း သိရှိရသည်။
နေ့ချင်းပြန်ခရီးစဉ်အဖြစ် တာချီလိတ်မြို့ရှိ တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိ ဘုရားကြီး၊ ဝမ်ကောင်းဈေး၊ ကိုးမြို့ရှင်နတ်နန်း၊ ရွှေတိဂုံစေတီတော်၊ မြို့လယ်ဓမ္မာရုံ၊ ပဒေါင်ကျေးရွာ၊ နဂါးနှစ်ကောင် ဆရာတော်ကျောင်း၊ ကွမ်ရင်မယ်တော်နှင့် တရုတ်ဘုံကျောင်း၊ ကျောက်တန်းဈေးများသို့ သွားရောက်လည်ပတ်ကြသည်။
ညအိပ်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် မိုင်း ဖြတ်မြို့ရှိ မြတ်စွာဘုရားခြေတော်ရာစေတီ၊ ဈေးတန်းကြီး ဘုန်းကြီးကျောင်း၊ သမိုင်းဝင်ဆုတောင်းပြည့် ဆံတော်ရှင်စွန်တောင်းစေတီ၊ ကျိုင်းတုံမြို့အဝင် ဗုဒ္ဓဥယျာဉ်နှင့် ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိ၊ ဟိုခုံကျောင်း၊ မြဘုရားကျောင်း၊ ကျိုင်းရင်းဘုန်းကြီးကျောင်း၊ ဝပ်အင်းကျောင်း၊ စွန်တောင်းစေတီ၊ ကျော့မ် ဆရီစေတီ၊ ရမ်းကုန်းဘုန်းကြီးကျောင်း၊ ပါလျန်ကျောင်း၊ ရပ်တော်မူ၊ သစ်တစ်ပင်တောင်၊ ကမ္ဘာအေး စေတီ၊ စံပြယန်းလောကျေးရွာ၊ ကတ်တောင်ကျေးရွာအနီးရှိ ကိုးထပ်ရေတံခွန် စသည့် အထင်ကရ နေရာများသို့ သွားရောက်လည်ပတ်ခဲ့ကြပြီး တာချီလိတ်မြို့မှ လေကြောင်းဖြင့်တိုက်ရိုက်ပျံသန်းသည့် ဟဲဟိုး- ရန်ကုန်- မန္တလေး- မြစ်ကြီးနား- လားရှိုးမြို့များမှ တဆင့် မြန်မာနိုင်ငံအတွင်းပိုင်းရှိ ခရီးစဉ်များ အား ဝင်ရောက်လည်ပတ်ခဲ့ကြပါသည်။
တာချီလိတ်နယ်စပ်ဝင်ပေါက်မှတဆင့် ဝင်ရောက်သည့် နိုင်ငံခြားခရီးသွားဧည့်သည် အရေ အတွက်မှာ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ၊ ဖေဖော်ဝါရီ ၁၄ ရက်နေ့အထိ ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသားအများစု ပါဝင်သော နေ့ချင်းပြန်/ ညအိပ်ခရီးသည် စုစုပေါင်းမှာ (၉၀၅၈၇၉) ဦး ဖြစ်ပြီး မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ်အနေဖြင့် ခရီးသည်စုစုပေါင်း (၁၁၄၆၅) ဦးနှင့် ဗီဇာဖြင့် ပြည်တွင်းသို့ ဝင်ရောက်လည်ပတ်သည့် ခရီးသည်စုစုပေါင်း (၂၆၃၅၈) ဦးတို့ ဝင်ရောက်လည်ပတ်ခဲ့ ကြောင်း သတင်းရရှိသည်။
MDN