နေပြည်တော်     မေ     ၅

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ မေ ၄ ရက် နံနက်ပိုင်းက ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၂၀၃/၆ မှ ၂၀၄/၃ အတွင်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အဝင်/အထွက်လမ်းနှင့် အမြန်လမ်းဆုံသည့် နေရာအား ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် လက်ရှိ နှစ်လမ်းသွားမှ လေးလမ်းသွား ကွန်ကရစ်လမ်းသို့ တိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။ 

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက မိုးတွင်းကာလမရောက်မှီ ကြိုတင်ဆောင်ရွက်သင့်သည့် လုပ်ငန်းများအား နှောင့်နှေးကြန့်ကြာမှု မရှိစေရေး စီမံချက်ရေးဆွဲ ဆောင်ရွက်ရန်၊ မူလသတ်မှတ်ဒီဇိုင်းပုံစံအတိုင်း ဆောင်ရွက်ရန်နှင့်  လမ်းနယ်နိမိတ်တွင်းရှိ လမ်းပုခုံး မြေသားတာဘောင်ရှိ အရိပ်ရလေကာပင် လစ်လပ်နေရာများကို အစားထိုး စိုက်ပျိုးရန်မှာ ကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိုင်တိုင် ၂၀၄/၅ နှင့် မိုင်တိုင် ၂၀၅/၀ အတွင်း U-Turn နေရာများအား ၁၅၀ မီလီမီတာ ထုအခြေခံလွှာ ကွန်ကရစ်ခင်းခြင်းနှင့် ၃၀၀ မီလီမီတာ မျက်နှာပြင်ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ မိုင်တိုင် ၂၄၂/၁ နှင့် မိုင်တိုင် ၂၄၃/၀ အတွင်း ဆင်သေတံတား ချဉ်းကပ်လမ်းအား မူလ နှစ်လမ်းသွားမှ လေးလမ်းသွား ကွန်ကရစ်လမ်း ချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ မိုင်တိုင် ၂၅၉/၆ ရှိ စည်းခုံတံတား၊ မိုင်တိုင် ၂၆၁/၄ ရှိ ပျော်ဘွယ်-နတ်မောက် ရထားလမ်း ခုံးကျော်တံတားတို့၏ တံတားကြံ့ခိုင်မှု၊ မြေထိန်းနံရံ ဆောင်ရွက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် မိုင်တိုင် ၂၈၄/၄ ရှိ သီးကုန်းယာဉ်ရပ်နားစခန်း၌ Myanmar Brillance Auto Co., Ltd မှ Charging Station ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မိုင်တိုင် ၂၈၅/၃ ရှိ မုန်တိုင်တံတား၊ မိုင်တိုင် ၂၉၀/၄ ရှိ မိတ္ထီလာ- မြင်းခြံရထားလမ်း ခုံးကျော်တံတား၊ မိုင်တိုင် ၃၁၉/၆ ရှိ တဇောက်ချောင်းတံတားနှင့် မိုင်တိုင် ၃၃၈/၆ ရှိ သက်ပန်းချောင်းတံတားတို့၏ တံတားကြံ့ခိုင်မှု၊ မြေထိန်းနံရံ ဆောင်ရွက်ပြီးစီးမှုနှင့် လမ်းလယ်ကျွန်း ရေဆင်းမြောင်းများ မွမ်းမံပြင်ဆင်မှုတို့နှင့် မိုင်တိုင် ၃၅၂/၃ ရှိ စကားအင်းယာဉ်ရပ်နားစခန်း၌ Myanmar Brillance Auto Co., Ltd မှ Charging Station  ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးကျော်ဆန်းနှင့်အတူ ချမ်းအေးသာစံမြို့နယ် ၇၉ လမ်းနှင့် ၃၀ လမ်းထောင့်၌ NPK Co.,Ltd၊  ၃၅ လမ်းနှင့် မန္တလေး-ပြင်ဦးလွင် လမ်းထောင့်၌ MCDI Co.,Ltdနှင့် အောင်မြေသာစံမြို့နယ် ၁၄ လမ်းနှင့် ၆၅ x ၆၆ လမ်းကြား၌ Myanmar Brillance Auto Co.,Ltd တို့မှ Charging Station ဆောက်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ချိန်ပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံရေးဂရုပြုဆောင်ရွက်ရန် မှာကြားသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ ရှင်တော်ကုန်း ကျေးရွာအုပ်စု မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာစီမံကိန်းသို့ သွားရောက်ပြီး ဒုတိယဝန်ကြီးက အိမ်ခန်းနေရာချထားရေး မူဝါဒများအား ညွှန်ကြားချက်ပါအတိုင်း နေရာချထားရေး စီစဉ်ဆောင်ရွက်ရန် အရံရေရရှိရေး၊ အိမ်ရာဝင်းအတွင်း လုံခြုံရေး စနစ်တကျ စီမံဆောင်ရွက်ရန်နှင့် အိမ်ရာစခန်း ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်