နေပြည်တော် မေ ၅
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစစ်အေးသည် မေ ၅ ရက်တွင် နေပြည်တော်ရှိ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ၌ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ “နိုင်ငံ့ဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှုဆိုင်ရာ ကိုယ်ရေးအချက်အလက်များ ဖြည့်သွင်းခြင်းလုပ်ငန်း”သို့သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံခြင်း၊ စုစည်းဖြည့်သွင်းခြင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက် မှတ်တမ်းများကို တစ်နေရာတည်းတွင် စုစည်းထိန်းသိမ်းထားပြီး နိုင်ငံတော်၏ e-Government လုပ်ငန်းများ၊ ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှုလုပ်ငန်းများတွင် အထောက်အကူပြုစေရန် e-Recruitment and Integrated Civil Service System (e-RICSS) စီမံကိန်းပါ Civil Service Personal Database Management System တွင် Digital စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းအင်အားများပြားသည့် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကိုယ်ရေးအချက်အလက် ဖြည့်သွင်းသည့်လုပ်ငန်းကို လျင်မြန်စွာထည့်သွင်းရန်ရည်ရွယ်၍ ယခုကဲ့သို့ တိုင်းဒေသကြီး/ပြည်နယ်များမှ ကျွမ်းကျင်သူများခေါ်ယူ၍ တစုတစည်းတည်း ဆောင်ရွက်သည်မှာ ထိရောက်ကောင်းမွန်သော အစီအမံဖြစ်ကြောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ဝန်ထမ်းမှတ်တမ်း ရယူထိန်းသိမ်းခြင်း လုပ်ငန်းအတွက် များစွာအထောက်အကူဖြစ်သည့်အပြင် ဝန်ထမ်းအင်အားများပြားသည့် အခြားဝန်ကြီးဌာန/အဖွဲ့အစည်းများအတွက်လည်း ယခုကဲ့သို့ စီမံဆောင်ရွက်နိုင်ရေး နမူနာဖြစ်ပါကြောင်း၊ ကိုယ်ရေးမှတ်တမ်းများကို Digital စနစ်တွင် တစ်နေရာတည်းစုစည်း၍ ထည့်သွင်းနိုင်အောင် စီမံပေးသော ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ကိုယ်တိုင်ကိုယ်ကျ ထည့်သွင်းဆောင်ရွက်ပေးသူများအား အထူးကျေးဇူးတင်ကြောင်း၊ အချက်အလက်ဖြည့်သွင်းရာ၌ မှန်ကန်မှုနှင့် လုံခြုံမှုရှိစေရေး အထူးအလေးထား စနစ်တကျ ဆောင်ရွက်ပေးစေလိုကြောင်း၊ အခက်အခဲရှိပါကလည်း ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ အချိန်မီမြန်ဆန်စေရေး စီမံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားပြီး ကိုယ်ရေးအချက်အလက် ဖြည့်သွင်းခြင်းလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပညာရေးဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများအား အားပေးစကားပြောကြား၍ အမှတ်တရလက်ဆောင်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
၎င်းနောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌသည် အဖွဲ့ဝင်များဖြစ်သည့် ဦးရဲနိုင်၊ ဦးစိုးတင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ Digital စနစ်ဖြင့် ဝန်ထမ်းကိုယ်ရေးအချက်အလက်များ လက်တွေ့ဖြည့်သွင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်