မြစ်ကြီးနား မေ ၅
မြန်မာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံး ညီလာခံကျင်းပခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များ စည်းလုံးညီညွတ်စွာ ပေါင်းစည်းနိုင်ခဲ့သည့် ၁၉၄၆ ခုနှစ် မေ ၅ ရက်နေ့ကို အစွဲပြုကာ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အဖြစ် ကျင်းပလာခဲ့ရာမှ ၂၀၂၃ ခုနှစ် ယနေ့ မေ ၅ ရက်တွင် ကျရောက်သည့် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ကချင်ပြည်နယ် မီးသတ်ဦးစီးဌာနက မေ ၅ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။
ဦးစွာ အခမ်းအနားကို အဆိုပါကျောင်းဝင်းအတွင်းရှိ အေးမြသီတာခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများနှင့် အခမ်းအနား တက်ရောက်လာကြသူများက ပြခန်းအတွင်း မီးငြှိမ်းသတ်ရေးနှင့် ခေတ်မီ ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ယင်းနောက် ကျောင်းအားကစားကွင်းအတွင်း မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးသတ်ယာဉ်များနှင့် ရှာဖွေကယ်ဆယ်ရေး ယာဉ်တန်းများက အလေးပြုချီတက်ကြခြင်း၊ ကွင်းအတွင်း GAS မီးလောင်မှု၊ ဆီမီးလောင်မှု၊ ဆီဘောက်ဆာ မီးလောင်မှုများ၊ LUF Micro မီးသတ်ယာဉ်၊ Fire Fighting Operation For Tank Fire၊ ကျေးလက်မီးငြှိမ်းသတ်နည်း၊ ငလျင်ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးနှင့် မီးသတ်ယာဉ်များမှ Water Colour ဖြင့် မီးငြှိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြခြင်းများကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သရုပ်ပြမီးသတ်တပ်ဖွဲ့ဝင်များအား တစ်ဦးချင်းစွမ်းဆောင်ရည် မြင့်မားအောင် လေ့ကျင့်ခြင်းဖြင့် မိမိတပ်ဖွဲ့၏ ဂုဏ်ကို မြှင့်တင်ပေးခြင်းဖြစ်သလို ပြည်သူက လေးစားအားကျ ယုံကြည်အားကိုးရသည့် တပ်ဖွဲ့ဝင်များ ဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်ကြရေး အားပေးပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က သရုပ်ပြမီးသတ်တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းစီဖြင့် စုစုပေါင်း ငွေကျပ် သိန်း ၂၀ ကို ချီးမြှင့်ပေးအပ်ရာ ပြည်နယ်ဦးစီးမှူး ဦးသန်းဇော်ဦးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
ပြည်နယ်(ပြန်/ဆက်)