နေပြည်တော် မေ ၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ (၂၁)ကြိမ်မြောက် စကားဝိုင်း ဆွေးနွေးပွဲကို “စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တိရစ္ဆာန်အစာ ပိုမိုထုတ်လုပ်နိုင်ရေး” ခေါင်းစဉ်ဖြင့် မေ ၄ ရက် မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာ အောင်ကြီးနှင့် ဒေါက်တာတင်ထွဋ်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက “နိုင်ငံတော်အစိုးရက စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍ တစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ကနဦးရင်းနှီးမတည်ငွေအဖြစ် ထောက်ပံ့ပေးလျက်ရှိသကဲ့သို့ နည်းပညာအပါအဝင် လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ ဦးစီးဌာနများက ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊
စိုက်ပျိုးရေး ဘေးထွက်ပစ္စည်းများနှင့် စွန့်ပစ်ပစ္စည်းများကို အာဟာရဓာတ်ကောင်းမွန် ပြည့်စုံသော တန်ဖိုးမြှင့် မွေးမြူရေး တိရစ္ဆာန်အစာများအဖြစ် အသုံးပြုနိုင်ရန် တစ်ပိုင်တစ်နိုင် မွေးမြူသူများ၊ စီးပွားဖြစ် မွေးမြူထုတ်လုပ်သူများ၊ ပြည်ပသို့ တင်ပို့ရောင်းချမည့် အဖွဲ့အစည်းများ ချိတ်ဆက်ပြီး သုတေသနများ ပူးပေါင်းဆောင်ရွက်ခြင်း၊ ရရှိလာမည့် သုတေသနရလဒ်၊ နည်းပညာများကို ဖြန့်ဖြူးပေးနိုင်ခြင်းတို့ဖြင့် မွေးမြူရေး တိရစ္ဆာန်အစာများ တိုးမြှင့်ထုတ်လုပ်လာနိုင်မှာဖြစ်၍ သက်ဆိုင်သူအားလုံးတို့က တက်ညီလက်ညီ ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းကြောင်း” ပြောကြားသည်။
စကားဝိုင်းဆွေးနွေးပွဲတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာရဲနန္ဒနှင့် မွေးမြူရေး သုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအောင်ဆန်းဝင်း၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် တွဲဖက်ပါမောက္ခ ဒေါက်တာ မင်းအောင်၊ စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းသန်း ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန သုတေသနအရာရှိ ဒေါ်မိုးမိုးဇော်တို့က မြန်မာနိုင်ငံ၏ တိရစ္ဆာန်အမျိုးအစားအလိုက် ကောင်ရေနှင့် အစာလိုအပ်ချက်များ ခြုံငုံသုံးသပ်ချက်၊ တိရစ္ဆာန်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် မြန်မာနိုင်ငံ၏ အစာရရှိနိုင်မှု၊ စိုက်ပျိုးရေးကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေ၊ တိရစ္ဆာန်အစာအတွက် စိုက်ပျိုးရေးကဏ္ဍမှ အစာအရင်းအမြစ်များ ရရှိနိုင်မှု ၊ မွေးမြူရေးနှင့် စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်း၍ တိရစ္ဆာန်အစာ ဖွံ့ဖြိုးရေးဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်မည့်အခြေအနေ စသည်တို့ကို ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်