နေပြည်တော် မေ ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ၂၀၂၃ ခုနှစ် နွေရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဇနီး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် က နွေရာသီအားလပ်ရက်တွင် လူငယ်များ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်ပြီး အားကစားနည်းအလိုက် နည်းစနစ်များမှန်ကန်စွာ သိရှိတတ်ကျွမ်းနား လည်လာစေရန်၊ ထူးချွန်သော မျိုးဆက်သစ် အားကစားသမားများ၊ နိုင်ငံ့လက်ရွေးစင် အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် အထောက်အကူပြုစေရန်၊ အရည်အချင်းမှီ ကစားသမားများရှာဖွေပြီး နိုင်ငံတော်မှ အားထားရသည့် ရွက်ပုန်းသီးမျိုးဆက်သစ် အားကစားမောင်မယ်များ ပေါ်ထွက်လာစေရန်အတွက် ယခု သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ အားကစားဆောင်ရွက်ခြင်းဖြင့် လူငယ်များ၏ ကျန်းမာ ကြံ့ခိုင်ရေး၊ ပညာရေး၊ လူမှုရေး၊ လူ့ကျင့်ဝတ်၊ လူမှုဆက်ဆံရေး ဘက်စုံစွမ်းရည် မြင့်မားတိုးတက်လာစေမှာ ဖြစ်ကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မျိုးဆက်သစ်လူငယ်များ ပြုစုပျိုးထောင် ပေးရန်ဖြစ်ကြောင်းကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းသား/ သင်တန်းသူများက အားကစားအဓိဋ္ဌာန်များကို ရွတ်ဆိုကြပြီး အားကစားသရုပ်ပြ အဖွဲ့များက သက်ဆိုင်ရာ အားကစားနည်းများအလိုက် သရုပ်ပြဖျော်ဖြေကြသည်။
`ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အားကစားသရုပ်ပြအဖွဲ့များကို ဂုဏ်ပြုချီးမြှင့် ငွေများနှင့် မြို့နယ်ရှစ်မြို့နယ်အတွက် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ သရုပ်ပြအဖွဲ့များနှင့် သက်ဆိုင်ရာမြို့နယ်များမှ တာဝန်ရှိသူများက လက်ခံရယူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များက သင်တန်းသား/ သင်တန်းသူများကို ရင်းရင်နှီးနှီး လိုက်လံနှုတ်ဆက်သည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အားကစားနှင့် ကာယပညာဦးစီးဌာနဖြင့် နေပြည်တော်တွင် ၂၀၂၃ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများကို မြို့နယ်ရှစ်မြို့နယ်တွင် ဘောလုံး၊ ဘော်လီဘော၊ ရိုးရာခြင်း၊ မြန်မာ့သိုင်း၊ ပိုက်ကျော်ခြင်း၊ တင်းနစ်၊ လက်ဝှေ့၊ တိုက်ကွမ်ဒို၊ ခရစ်ကတ်၊ Fitness Dance စသည့် နွေရာသီ အခြေခံအားကစားသင်တန်းများကို ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၃၀ ရက်အထိ သင်တန်းသား သင်တန်းသူ ၃၄၈ ဦးကို ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး၊ ယခု မေ ၅ ရက်မှ ၂၄ ရက်အထိ သင်တန်းသား သင်တန်းသူ ၇၀၀ တို့ကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)