နေပြည်တော်  မေ ၅

 

(၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် စစ်ရေးပြကွင်း၌ ကျင်းပသည်။

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိများ၊ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများနှင့် မိသားစုဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်ဟောင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

 ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြု မိန့်ခွန်းပြောကြားပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ စစ်ရေးပြတပ်ခွဲများက တိုင်းဒေသကြီး ဝန်ကြီးချုပ် အား ချီးတက်အလေးပြုကြသည်။

 

ယင်းနောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သရုပ်ပြတပ်ခွဲက မီးငြိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြကွက်များဖြစ်သော Brave Heart, Emergency Medical Services (EMS)နှင့် လေ့ကျင့်ရေးမျှော်စင်၌  ရေသန့်ရေခဲစက်ရုံမှ အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုဖြစ်စဉ်တွင် လူများကို ကယ်ထုတ်ခြင်းနှင့် မီးငြှိမ်းသတ်ခြင်း ဆောင်ရွက်မှုအဆင့်ဆင့်၊ မီးသတ်တပ်ဖွဲ့၏ စွမ်းဆောင်ရည်တို့ကို သရုပ်ဖော်ပြသသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က စစ်ရေးပြတပ်ခွဲ၊ စစ်တီးဝိုင်းတပ်ခွဲနှင့် စွမ်းရည်သရုပ်ပြတပ်ခွဲ တို့ကို ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၂၅)သိန်းချီးမြှင့်ရာ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးနှင့် စစ်ရေးပြမှူးတို့က လက်ခံရယူပြီး   Brave Heart သရုပ်ပြ နှစ်သင်းနှင့် EMS သရုပ်ပြနှစ်သင်း၊ သင်္ယန်းကျွန်းမြို့နယ်မှ လုပ်သက် (၅၈)နှစ်၊ အသက်(၇၇)နှစ်ရှိ အရန်မီးသတ်တပ်ခွဲမှူး ဦးအေးမြင့်၊ (၁၂၄)ကြိမ်မြောက် သွေးလှူဒါန်းခဲ့သည့် လက်ထောက်မီးသတ်ဦးစီးမှူး(ငြိမ်း) ဦးမျိုးမင်း၊ မီးသတ်ဦးစီး ဌာန နေပြည်တော်သို့ သွားရောက်ယှဉ်ပြိုင်ခဲ့သော Brave Heart အသင်းနှင့် EMS အသင်း၊ လုပ်သက် (၂၅)နှစ်အထက် အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၁)ဦး၊ မြို့နယ်အသီးသီးမှ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၅၀)တို့ကို ဝန်ကြီးချုပ်က   ဂုဏ်ပြုငွေ၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် ဓမ္မာရုံ၌ သံဃာတော်အရှင် သူမြတ်တို့အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပြီး အနုမောဒနာတရားနာယူကြကာ သီတာခန်းမ၌ ရန်ကုန်တိုင်းမီးသတ်ဦးစီးမှူးက ဌာနတွင်းသင်တန်းထူးချွန်သူ၊  ပြင်ပသင်တန်း ထူးချွန်သူ၊ သွေးလှူရှင်နှင့် လုပ်သက်(၂၅)နှစ်အထက် အရန်မီးသတ်တပ်ဖွဲ့ ဝင်ခုနှစ်ဦးတို့ကို ဂုဏ်ပြုဆုများ ဆက်လက်ချီးမြှင့်သည်။

 

ယနေ့ မီးဘေးကြိုတင်ကာကွယ်ရေးသည် မနက်ဖြန် မီးဘေးလုံခြုံရေးဖြစ်သည်ဟူသော ဆောင်ပုဒ်နှင့် အညီ  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကို အဟန့်အတားဖြစ်စေသည့် မီးဘေးအန္တရာယ်ကို အချိန်နှစ်တစ်ပြေးညီ ကာကွယ်လျက်ရှိပြီး ယနေ့တွင် ကျရောက်သော (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ရန်ကုန်မြို့၌ စည်ကားသိုက်မြိုက်စွာ ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။ 

ညိမ်းသူ ( သတင်းစဉ် )

ဓာတ်ပုံ - ကနူး