နေပြည်တော် မေ ၅
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(မြန်မာနိုင်ငံ)တို့ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရုံးအမှတ် (၃၅) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အဖွင့်အမှာစကား ပြောကြားသည်။
တွေ့ဆုံပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ တာဝန်ရှိသူများ၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ)မှဥက္ကဋ္ဌ ဦးဝဏ္ဏ၊ အကြံပေး ဒေါက်တာကျော်သူနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ဉီးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်တွင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ)အဖွဲ့ကို ပထမဦးဆုံးအနေဖြင့် တွေ့ဆုံခြင်းဖြစ်ပါ ကြောင်း၊ ၂၀၀၈ ခုနှစ်တွင် ယခုအသင်းအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး ရည်ရွယ်ချက်မှာ ဘာသာရေးဆိုင်ရာ ပြဿနာများ စွပ်စွဲပုတ်ခတ်မှုများရှိပါက အစိုးရမဟုတ်သော အဖွဲ့အစည်းပုံသဏ္ဍာန်ဖြင့် ဖြေရှင်း ဆောင်ရွက်ရန်၊ ဘာသာရေးဆိုင် ရာလုပ်ငန်းများနှင့်ပတ်သက်၍ အလွတ်သဘောဆောင်ရွက်ရန်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ လမ်းညွှန်မှုကို ခံယူရန်ဆိုသည့်မူဝါဒကို ကျင့်သုံးဆောင်ရွက်ရန် တို့ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်တွင်း/ပြည်ပတွင် ဘာသာရေးနှင့်ပတ်သက်၍ ပြဿနာများ ပွတ်တိုက်မှုများ ရှိလာပါက ကူညီဆောင်ရွက် ဖြေရှင်းပေးစေလိုပါကြောင်း၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(မြန်မာနိုင်ငံ)သည် လူသိများသည့်အဖွဲ့ ကြီးဖြစ်ပါကြောင်း၊ အဖွဲ့ကြီး၏ ရည်ရွယ်ချက်များနှင့်အညီ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ် ဘာသာဟူ၍ ဘာသာကြီး (၄)ခုရှိသည့်အပြင် နတ်ကိုးကွယ်မှုများ ပါရှိနေသော်လည်း ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မိမိကြိုက်နှစ်သက်ရာဘာသာကို လွတ်လွတ်လပ်လပ် ကိုးကွယ်ခွင့်ရှိပါ ကြောင်း၊ ဘာသာကြီး(၄)ခု၏ မတူညီသည့် အယူဝါဒများအကြား ကြီးနိုင်ငယ်ညှင်းကိစ္စများ မရှိပါကြောင်း။
ဘာသာပေါင်းစုံအတွက် ညီညွတ်စည်းလုံးမှုရရှိစေရန်အတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန်ဖြစ်ပါ ကြောင်းနှင့် အဆိုပါအဖွဲ့မှ ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်ပေးသည့် လုပ်ငန်းများဖြစ်သည့် Mobile Team ခွဲများဖြင့် မျက်စိခွဲစိတ်ပေး ခြင်း၊ သွေးလှူခြင်း၊ အောက်စီဂျင်စက်များ လှူဒါန်းပေးခြင်း၊ သင်္ကြန်ကာလတွင် မိဘမဲ့ကျောင်းများတွင် စတုဒီသာများ ကျွေးမွေးလှူဒါန်းခြင်း၊ အဖွဲ့၏မဂ္ဂဇင်း ထုတ်ဝေရန် ဆောင်ရွက်လျက်ရှိခြင်းများအတွက် ကျေနပ်အားရမိပါကြောင်း ပြောကြားသည်။
ထို့နောက် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အကြံပေးတို့မှတင်ပြ ဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။
ယင်းနောက်ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အနေဖြင့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာ (၄)ဘာသာ ပိုမိုစည်းလုံးချစ်ခင်ကြစေရန်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများ အတွက် လည်း အဖွဲ့များပြန်လည်ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များကို အသီးသီးခွဲဝေယူကြရန်အတွက် ဗဟိုအဖွဲ့ အစည်းမှ ချမှတ်ပေးသွားရန် ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)