ဘိုကလေး မေ ၆
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးအတွက် ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ စုံညီစွာ တက်ရောက်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက ကိုဗစ်-၁၉ ကူးစက်လူနာများ မိမိတို့မြို့နယ်တွင်းတွေ့ရှိလာပါက ၎င်းတို့အား သီးခြားထားရှိနိုင်ရေး Quarantine Center များ ပြင်ဆင်ထားရှိဆောင်ရွက်ထားရန်၊ လိုအပ်ပါက မြို့ဝင်/ထွက်ဂိတ်များတွင် အပူချိန်တိုင်းတာခြင်းနှင့် ရောဂါပိုး စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် မုန်တိုင်းကျရောက်လာပါက ကူညီကယ်ဆယ်နိုင်ရေး စီမံချက်များရေးဆွဲ၍ ဆောင်ရွက်ထားရှိကြောင်း၊ မြို့နယ်တွင်းရှိ ကျေးရွာများတွင်လည်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ ထုတ်ပြန်ချက်များအား အသံချဲ့စက်ဖြင့် ကြေညာလျက်ရှိကြောင်းနှင့် မြို့ပေါ်ရပ်ကွက်များတွင်လည်း ကြေငြာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မြို့နယ် မော်တော်ယာဉ်အသင်းများအနေဖြင့်လည်း ယာဉ်များအားစုဖွဲ့ထားရှိရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများမှ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များအား သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)