မိုးကေနိုင်
မိမိပုံမှန်နေထိုင်ရာဒေသ၊ နေရပ်၊ အိမ်ရာဝန်းကျင်မှ အကြောင်းအမျိုးမျိုးကြောင့် စွန့်ခွာချင်သူဟူ၍ ရှိမည်မဟုတ်ပါ။ ယာယီဖြစ်ဖြစ်၊ ရေရှည်ဖြစ်ဖြစ် ဘယ်လိုအကြောင်းမျိုးနှင့်မှ စွန့်ခွာချင်ကြမည်မဟုတ်၊၊ သို့သော် မတည်ငြိမ်မအေးချမ်းသောဒေသများတွင် မမျှော်လင့်ဘဲ ခါးသီးလှသည့် တိုက်ပွဲများ၊ သဘာဝကပ်ဘေးနှင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် မိမိတို့အသက်ရှင်သန်ရေး၊ အခြေခံစားဝတ်နေရေး လိုအပ်ချက်များအတွက် မိမိတို့နေရပ်ကို စွန့်ခွာနေရသူများ၊ ရှောင်တိမ်းနေရသူများ၊ ခိုလှုံနေရသူများ Internally Displaced Persons (IDPs) ဟူသောအသုံးအနှုန်းနှင့်ကား ယဉ်ပါးနေရသည်။
ကူညီလျက်နှင့် ပိတ်သိမ်းနိုင်ရန်လည်းကြိုးစားနေ
ကမ္ဘာတစ်ဝန်း ၂၀၂၂ ခုနှစ်စာရင်းအရ ပဋိပက္ခ အကြမ်းဖက်ဖြစ်ရပ်များကြောင့် IDPs လူသား ၅၉ သန်းကျော်အထိ အမြင့်ဆုံးအရေအတွက်သို့ ရောက်ရှိသွားသည်ဟု သိရသည်။ နိုင်ငံတကာတွင် မူလရှိဆဲပဋိပက္ခများအပြင် ပြည်တွင်းရေး မပြေလည်မှုများ၊ နယ်စပ်ပြဿနာများ၊ နှစ်နိုင်ငံစစ်ပွဲများကြောင့် IDPs အရေအတွက် တိုးလာလျက်ရှိသည်။ တည်ငြိမ်အေးချမ်းမှုနှင့် ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ပါက ယာယီတိုက်ပွဲရှောင်အရေအတွက် ယခုထက်ပို၍ တိုးပွားသွားရန်သာရှိသည်။
ထိုသို့ တိုးမြင့်လာသည့်အခြေအနေတွင် မြန်မာနိုင်ငံတွင်မူ နိုင်ငံတော်က IDPs စခန်းများကို ပိတ်သိမ်းပြီး မူလနေရာများသို့ ပြန်လည်ပို့ဆောင်ပေးရေးနှင့် ၎င်းတို့၏ လူမှုစီးပွားဘဝများ အဆင်ပြေစေရေး ကြိုးစားဆောင်ရွက်ပေးနေသည်။ မပိတ် သိမ်းနိုင်သေးသည့် စခန်းများကိုလည်း လူသားချင်း စာနာထောက်ထားမှု ရှုထောင့်မှနေ၍ စိတ်စေတနာ အပြည့်ဖြင့် ကာကွယ်စောင့်ရှောက်နိုင်ရေး အကူအညီ အထောက်အပံ့များ ပေးအပ်နေသည်ကို မြင်တွေ့ရသည်။
မငြိမ်းချမ်း၍ နေရပ်စွန့်ခွာကြရသည်။ တိုက်ပွဲရှောင်၍ ဒုက္ခသည်ဖြစ်ကြရသည်။ နောက်ခံအခြေအနေ၊ နယ်မြေအခြေအနေ၊ တိုက်ပွဲအခြေအနေများ ပေါ်မူတည်၍ ပထမတော့ ယာယီခိုလှုံရာစခန်း၊ ကာလရှည်ကြာလာပြီး မိမိနေရပ်ပြန်ရန် အခြေအနေ မပေးတော့သည့်အခါ IDPs စခန်းများတွင်သာ နေထိုင်ကြရတော့သည်။ သူတို့၏ လူမှုစီးပွားဘဝများ ထိခိုက်ရပ်တန့်ကုန်သည်။ ပုံမှန်ဘဝမျိုးမရရှိတော့ဘဲ ခက်ခက်ခဲခဲရပ်တည်ကြရတော့သည်။ အားလုံးကတော့ အခြေအနေပြန်လည် တည်ငြိမ်သွားသည့်အခါ မိမိတို့ မူလနေရင်းဒေသများဆီ ပြန်လည်အရောက်ပြန်ချင်ကြသည်သာ။ သို့သော် တိုက်ပွဲများကြောင့် မိမိတို့နေထိုင်ရာမြေနေရာများ၊ အိုးအိမ်စည်းစိမ်၊ ကျွဲနွား၊ လယ်ယာများ ဆုံးရှုံးခဲ့ရ သည့်အခြေအနေများတွင် မိမိတို့ မူလနေထိုင်ခဲ့ရာ ဝန်းကျင်သည် နယ်ပယ်သစ်များဖြစ်ကုန်ကြသည်။ မူလရှိခဲ့သော လူမှုစီးပွားဘဝများ ပုံမှန်အခြေအနေ ပြန်ရောက်ရန်ပင် မလွယ်ကူသည့်အနေအထားများအထိ ရောက်ရှိသွားတော့သည်။
ရပ်တည်ရန်ခက်ခဲသည့် ရုန်းကန်ရင်ဆိုင်ရမှုများ
Vulnerable groups ဟုခေါ်သည့် အသက်ကြီး ရင့်သူဘိုးဘွားများ၊ နို့တိုက်မိခင်များအပါအဝင် မိန်းမနှင့် ကလေးငယ်များ၊ မသန်စွမ်းသူများ၏ ဘဝကား ပို၍သာ ဆိုးတော့သည်။ စခန်းများရှိ အမျိုးသားများသည် ကျန်းမာရေးကောင်းပါက ကြုံရာကျပန်းအလုပ်များလုပ်ပြီး ရပ်တည်ရသလို အမျိုးသမီးများအနေဖြင့်လည်း ဟင်းသီးဟင်းရွက်ရောင်း၊ လုပ်ငန်းအငှားလိုက်၊ ထင်းခွေရေခပ်ကြုံရာ အလုပ်များဖြင့်သာ ရပ်တည်ရုန်းကန်ကြရသည်။ ပြည်တွင်း၊ ပြည်ပ အလှူရှင်များ၏ လစဉ်ထောက်ပံ့ မှုကိုသာ မျှော်ကိုးကြရသည်။ အားလုံးသော နှောင့်နှေးမှုများတွင် အခရာကျသည့် ပညာရေး၊ ကျန်းမာရေးလည်းပါသည်။ အစိုးရနှင့် ဘာသာရေး အဖွဲ့အစည်းများက ဖွင့်ပေးသော ကျောင်းများတွင်သာ ပညာသင်ကြားမှု အဆက်မပြတ်အောင် ကြိုးစားကြရပြီး ကျန်းမာရေးတွင်လည်း သက်ဆိုင်ရာကျန်းမာရေးဦးစီးဌာနများ၊ နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများ၏ စောင့်ရှောက်မှုကိုသာ ရယူကြရသည်။
အခြေခံစားရေး၊ နေရေးအပြင် ရေ၊ မီး၊ မိလ္လာ စသည့် လိုအပ်ချက်များကလည်း ရှိပြန်သည်။ ဒုက္ခသည်အချင်းချင်း၊ အချို့ကအဖွဲ့လိုက် အမြတ်ထုတ်ခေါင်းပုံဖြတ်သူများ အမြတ်ထုတ်ခံရသူများလည်း ရှိကြသည်။ နေရပ်စွန့်ခွာသူအများစုမှာ မိသားစုအရေအတွက်၊ ဆွေမျိုးအများအပြားနှင့်ဖြစ်ကြပြီး အိမ်ခန်းကျဉ်းကျဉ်းတွင် အချို့က အဖီထိုး၍ ကျပ်ကျပ်တည်းတည်း ဆင်းဆင်းရဲရဲ နေထိုင်ကြရသည်။ ဤသို့ဖြင့် စခန်းတွင်းကျူးကျော် အိမ်ရာဟူ၍ ရှိလာရပြန်သည်။ တစ်ကိုယ်ရေ အသုံးကအစ အသုံးအဆောင်ပစ္စည်းများကို ချို့တဲ့စွာ သုံးစွဲကြရသည်။ စနစ်တကျနေထိုင်နိုင်ရေး အတွက် စည်းကမ်းများ ထုတ်ပြန်ထားသော်လည်း လူမှုရေးအခက်အခဲများသာမက တစ်ဦးချင်းလုံခြုံရေး အခက်အခဲများကိုလည်း လျှော့တွက်၍မရသည့် အခြေအနေတွင် ရင်ဆိုင်ကြရသည်။
IDPs စခန်းများကား ပုံမှန်အတိုင်း နေမြဲ၊ လုပ်မြဲဖြစ်သော်လည်း မမျှော်လင့်သော အရေးပေါ် အခြေအနေများဖြစ်သည့် မုန်တိုင်း၊ ရေကြီးမှု၊ သဘာဝဘေးဒဏ်များနှင့် ကိုဗစ်ကဲ့သို့သော ကူးစက်မြန်ရောဂါများ မတော်တဆ ကျရောက်လာပါက ထိန်းချုပ်ရန် အလွန်ခက်ခဲသော အခြေအနေများဆီ ဆိုက်ရောက်သွားနိုင်သည့် စိန်ခေါ်မှုများအတွက် လည်း ကြိုတင်ပြင်ဆင်ထားရပြန်သည်။
နေရပ်ပြန်ချင်သူအများစုအတွက် ထိထိရောက်ရောက်ဆောင်ရွက်ပေးနေ
အချို့က မိမိတို့ဘဝများ တစ်ကပြန်စနိုင်ရေး၊ မိမိတို့သားသမီးများ ပညာရေးအတွက် မူလနေရပ် များဆီ ပြန်လိုကြသည်။ အချို့ကား နယ်မြေလုံခြုံမှုမရှိ၊ မတည်ငြိမ်သည့်အခြေအနေနှင့် သောင်းကျန်းသူများ ထောင်ထားသော မိုင်းအန္တရာယ်များကြောင့် ပြန်ချင်သော်လည်း မပြန်နိုင်ဖြစ်ကြရသည်။ အခြေအနေပေးလျှင်သော်မှ မိမိနေရပ်ပြန်ရောက်သည့်အခါ အမှီအခိုကင်းကင်းဖြင့် မိမိတို့ဘဝ ရပ်တည်ရေးမှာ နေရာထိုင်ခင်းက အဆင်သင့်မဖြစ်၊ ရင်းနှီးလုပ်ကိုင်စားသောက်ရန်က အခွင့်အလမ်းကနည်း၊ အခက်အခဲမျိုးစုံ ကြုံရသူများလည်း ရှိကြသည်။ အချို့ကား ဘယ်မှမပြန်လို၊ ကြံ့ကြံ့ခံ၍ ရောက်ရှိရာစခန်းများတွင်ပင် ပျော်မွေ့၊ အခြေကျ နေသူများလည်း ရှိပြန်သည်။ သို့သော်မိမိတို့နေရပ်များဆီ အနှေးနှင့်အမြန် ပြန်ချင်သူက အများစု ဖြစ်သည်ကို စစ်တမ်းများအရ သိရှိရသည်။
ထိုကဲ့သို့ လိုအပ်ချက်များ၊ အခက်အခဲများကား အများအပြားရှိသော်လည်း နိုင်ငံတော်အနေဖြင့်မူ နေရပ်ပြန်ချင်သူများ၊ အိမ်ပြန်ချင်သူများအတွက် ခေတ်အဆက်ဆက် အားထည့်ကြိုးပမ်းဆောင်ရွက် နေသည်သာဖြစ်သည်။ မလွှဲမရှောင်သာ အခြေအနေများကြောင့် ဆင်းရဲဒုက္ခနှင့် အန္တရာယ်ကျရောက်နေသည့် မိမိတို့တိုင်းရင်းသားပြည်သူများ၏ အဆင်မပြေမှုများကို ပပျောက်စေပြီး ပုံမှန်အခြေအနေသို့ ရောက်ရှိစေရေး နိုင်ငံတော်က နည်းမျိုးစုံဖြင့် ကြိုးစားဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရသည်။ နိုင်ငံတော်အတွက် အရေးပါသည့်ကိစ္စ တစ်ခုအဖြစ်သဘောထား၍ အမျိုးသားရေးတာဝန် တစ်ရပ်နှယ် မူဝါဒရေးဆွဲသတ်မှတ် ဆောင်ရွက်နေခြင်းဖြစ်သည်။ နိုင်ငံတော်နှင့်ပြည်သူများက ၎င်းတို့ကို လုံးဝဖယ်ကြဉ်မထားမှန်း သိသာပါသည်။
ထို့ကြောင့်လည်း နိုင်ငံတော်အဆင့်တွင် ပြည်တွင်းယာယီတိုက်ပွဲရှောင်သူများ ပြန်လည်နေရာ ချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး အမျိုးသားအဆင့် ကော်မတီတစ်ရပ်နှင့် ပြည်နယ်အဆင့် ကော်မတီလေးခုကို ဖွဲ့စည်း ဆောင်ရွက်နေခြင်းဖြစ်သည်။ အမျိုးသားအဆင့် ကော်မတီအောက်တွင် လူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ထိထိရောက်ရောက်ဖော်ဆောင်နိုင်ရေး၊ အခြေခံအဆောက်အအုံ ပြန်လည်နေရာချထားရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး၊ ပညာရေးနှင့် ကျန်းမာရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းကော်မတီများကို ထပ်မံဖွဲ့စည်းထားရှိပြန်သည်။
IDPs စခန်းများနှင့် ဖွံ့ဖြိုးရေးဟူသည် ပြဒါးတစ်လမ်း သံတစ်လမ်း
အဓိကမှာ IDPs စခန်းများကို စနစ်တကျ ပြန်လည်ပိတ်သိမ်းလိုရင်းပင်ဖြစ်သည်။ IDPs စခန်းများကို ပိတ်သိမ်းခြင်းသည် လုံခြုံရေးအရနှင့် ဘဝရှင်သန်မှုအတွက် စိတ်ချရမှု ရှိမှသာ၊ ပြန်လည်ထူထောင်ရေးအတွက် ပြင်ဆင်ပြီးဖြစ်မှသာ ပိတ်သိမ်းခြင်းဖြစ်သည်။ အတင်းအကျပ် ပြန်ပို့ခြင်းလည်း မဟုတ်ပါ။ တစ်ဖက်က ငြိမ်းချမ်းရေးကို ရှေးရှုလျက် တည်ငြိမ်ရေးကို အားထည့်ကြိုးပမ်းပြီး တစ်ဖက်က လူမှုစီးပွားဘဝများ ဖွံ့ဖြိုးရေးကို ဟန်ချက်ညီညီ ဆောင်ရွက်ပေးလျက်ရှိသည်။ IDPs စခန်းများကြာရှည်တည်ရှိနေခြင်းသည် ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အဟန့်အတားများ ဖြစ်စေသည်။ အချို့ ပြည်တွင်းငြိမ်းချမ်းမှုမလိုလားသူများက မြန်မာ့တပ်မတော်ကြောင့်ဟု၊ တိုင်းရင်းသားများကို ဖိနှိပ်မှုကြောင့်ဟု အကြောင်းအမျိုးမျိုး ပြ၍ IDPs စခန်းများ ပိတ်သိမ်းခြင်းကို ဆန့်ကျင် နေကြသည်။ သို့သော် လက်တွေ့တွင်မူ နိုင်ငံတော် အစိုးရနှင့် မြန်မာ့တပ်မတော်၏ တည်ငြိမ်အေးချမ်း ရေးဆောင်ရွက်ချက်များနှင့် တိုင်းရင်းသားဒေသ များရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများသည် IDPs စခန်းများ ပိတ်သိမ်းခြင်းနှင့် ဆက်စပ်နေသည်ကို တွေ့ရပြန်သောအခါ ၎င်းတို့၏ စွပ်စွဲချက်များသည် တည်ငြိမ်အေးချမ်းရေးကို ဟန့်တားနှောင့်ယှက်သည့် မလိုတမာစွပ်စွဲချက်များသာဖြစ်ကြောင်း တွေ့ရှိရမည်ဖြစ်သည်။
ကွင်းဆင်းစစ်ဆေးပြီးမှ ဆက်လက်ပိတ်သိမ်းသွားမည့် အခြေအနေ
IDPs/ ယာယီတိုက်ပွဲရှောင်ဟူသည် နောက်ခံသမိုင်း နေရာဒေသပေါ်တွင်မူတည်၍ ဖြစ်ပေါ်လာ ပုံချင်း၊ ရပ်တည်နေထိုင်ပုံချင်းမတူကြ၍ ၎င်းစခန်း များပိတ်သိမ်းမည်ဆိုလျှင် စိစစ်သုံးသပ်၍ အကြံပြုချက်များနှင့်တကွ ပိတ်သိမ်းရန်လိုအပ်သည့်အတွက် IDPs စခန်းများအား ကွင်းဆင်းစစ်ဆေးပြီး တွေ့ရှိချက်များကို ခွဲခြမ်းစိတ်ဖြာစိစစ်သုံးသပ်သည့် အဖွဲ့တစ်ခုကို ထပ်မံဖွဲ့စည်းခဲ့သည်။ ၎င်းအဖွဲ့၏ စစ်ဆးတွေ့ရှိချက်နှင့်အတူ အကြံပြုတင်ပြချက်များကိုပါ အထူးအလေးထားပြီး ဆက်လက်ပိတ်သိမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် IDPs စခန်းများ ဖွင့်လှစ်ထားရှိသော ကချင်၊ ကရင်၊ ရခိုင်၊ ရှမ်းပြည်နယ်များရှိ စုစုပေါင်း IDPs စခန်း ၁၁၀ ခန့်တွင် ကွင်းဆင်းစစ်ဆေးခဲ့ပြီးလုံလောက်သည့် တွေ့ရှိချက်များနှင့် အပြုသဘော အကြံပြုချက်များရရှိခဲ့ခြင်းက စခန်းများ အောင်အောင်မြင်မြင် ပိတ်သိမ်းရေးကို များစွာ အထောက်အကူဖြစ်စေခဲ့ပါသည်။
IDPs စခန်းများကို ပိတ်သိမ်းရုံနှင့်မပြီး၊ နောက်ဆက်တွဲ ပြန်လည်နေရာချထားရေး၊ အခြေခံ အဆောက်အအုံနှင့် စားဝတ်နေရေး၊ အသက်မွေးဝမ်းကျောင်း၊ ကျန်းမာရေး၊ ပညာရေးစသည့် အခြေခံလိုအပ်ချက်များစွာကို ဖြေရှင်းဆောင်ရွက် ပေးရပါဦးမည်။ ပြောင်းရွှေ့စရိတ်၊ အိမ်ဆောက် ပစ္စည်းမှအစ ကယ်ဆယ်ရေးပစ္စည်းများ၊ သင့်တော်သည့် ကာလတစ်ခုအထိ ဆန်ရိက္ခာအပါအဝင် အခြေခံစားသောက်ကုန်များ ထောက်ပံ့ရန်၊ အိမ်ထောင်စုများ ပြန်လည်နေရာချထားရန်၊ နေအိမ်အသစ်များ ပြန်လည်ဆောက်လုပ်ရန် မြေနေရာ၊ ရေ၊ မီးရရှိရေး၊ သွားရေးလာရေး အဆင်ပြေစေရေး စသည့်လိုအပ်ချက်များအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လူမှုရေး၊ ဘာသာရေး အသင်းအဖွဲ့များ၊ ငြိမ်းချမ်းရေးအကျိုးဆောင်များနှင့် ညှိနှိုင်းပေါင်းစပ်ပြီး ကူညီထောက်ပံ့ပေးလျက်ရှိသည်။ ထို့ပြင် ၎င်းတို့၏ နေရပ်ပြန်နိုင်ရေးအတွက် မိတ်ဆွေနိုင်ငံအချို့နှင့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်း အချို့ကလည်း တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့ပေးနေသည်ကို မြင်တွေ့ရသည်။
ငြိမ်းချမ်းရေးတရားခံနှင့် IDPs စခန်းများဖြစ်တည် ခြင်း၏အစ မငြိမ်းချမ်းခြင်း
ဤပြည်တွင်းယာယီတိုက်ပွဲရှောင်သူများ၊ ၎င်းတို့နေထိုင်ရာစခန်းများဖြစ်တည်ခြင်း၏ ပင်ရင်း အခြေခံသည် မငြိမ်းချမ်းခြင်း၊ မတည်ငြိမ်ခြင်းက မူလအစဖြစ်သည်။ သို့ဖြင့် မတည်ငြိမ်၊ မငြိမ်းချမ်း ခြင်း၏ အစကိုကောက်ရလျှင် ငြိမ်းချမ်းရေးကို သစ္စာဖောက်သည့် EAO အချို့ကိုပင် အပြစ်တင်ရပါ လိမ့်မည်။ လက်ရှိအခြေအနေတွင် မြွေပူရာ ကင်းမှောင့်ဆိုသလို NUG၊ PDF အမည်ခံအကြမ်းဖက် သမားများနှင့် ၎င်းတို့ကို ကူညီထောက်ပံ့ပြီး ဆူပူအကြမ်းဖက်မှုနှင့် မငြိမ်သက်မှု သက်ဆိုးရှည်အောင် လုပ်နေကြသည့် အချို့ EAO တို့၏ လုပ်ရပ်မှာ စိတ်မချမ်းမြေ့စရာပင် ဖြစ်တော့သည်။ တပ်မတော် ကတော့ ငြိမ်းချမ်းရေးကို အကြိမ်ကြိမ် ဖိတ်ခေါ်နေသည်။
တစ်ဖက်သတ် အပစ်အခတ်ရပ်စဲထားပြီး စေ့စပ်ဆွေးနွေးရေးစားပွဲဝိုင်းဆီ အကြိမ်ကြိမ် ဖိတ်ခေါ်နေသည်မှာ တပ်မတော်ဘက်ကသာ ဖြစ်သည်။ မိမိတို့မြို့ရွာ၊ တပ်စခန်း၊ ရဲစခန်းများကို ဝင်ရောက်တိုက်ခိုက်ခံရသည့်အခါ ပြန်လည် တုံ့ပြန်တိုက်ခိုက်သည်မှလွဲ၍ တပ်မတော်ဘက်က စတင်သည့် ထိုးစစ်များမရှိ။ ရှင်းပါသည်၊ ငြိမ်းချမ်းရေး၏ တရားခံမှာ မည်သူနည်း၊ တိမ်းရှောင်စခန်းများဖွင့်ထားရခြင်း၊ ပိတ်သိမ်းနိုင်မှုမရှိသေးခြင်း၏ တရားခံမှာ မည်သူနည်း။ တိုင်းရင်းသားအားလုံး လိုချင်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး ကြိုးပမ်းနေသူမှာ မည်သူနည်း။ ဆိုးရွားသည့် ရာဇဝတ်မှုများနှင့် အကြမ်းဖက်ကျူးလွန်နေသူများ ကား မည်သူနည်း။ အထက်ပါကိစ္စရပ်များအပေါ် တာဝန်ယူ တာဝန်ခံမှုများရှိမှသာ ယနေ့ကြုံတွေ့နေရသော အခက်အခဲများ၊ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်မည်ဟု ယုံကြည်သည့်အတွက် ယနေ့ နိုင်ငံတော်ကလည်း လူသားချင်းစာနာထောက်ထား မှုအပြည့်အဝဖြင့် အမျိုးသားရေးတာဝန်တစ်ရပ် သဖွယ် ခံယူဆောင်ရွက်နေခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေ IDPs စခန်းများ ပိတ်သိမ်းပြီး ပြန်လည်နေရာချထားရေး လုပ်ငန်းများသည် လူသားချင်းစာနာမှု အခွင့်အရေးအောက်တွင် စိတ်စေတနာကောင်းဖြင့် မည်မျှကြိုးပမ်း ဆောင်ရွက်စေကာမူ စိန်ခေါ်ချက်များကား ရှိနေ မည်သာဖြစ်သည်။ အဓိကကျသည်က တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးပင်ဖြစ်သည်။ တစ်ဖက်ကလည်း တပ်မတော်အနေဖြင့် ရေရှည်ပဋိပက္ခများ ကင်းဝေးပြီး တည်မြဲသည့် ငြိမ်းချမ်းရေးကို ရရှိအောင် ကြိုးပမ်းဆောင်ရွက်နေရသည်မှာ အားလုံး အသိပင်ဖြစ်သည်။
နိုင်ငံတော်အနေဖြင့် IDPs နှင့် ယာယီတိုက်ပွဲ ရှောင်စခန်းများတွင် ရောက်ရှိနေသော တိုင်းရင်းသားပြည်သူများ၏ ဘေးကင်းလုံခြုံရေးအတွက် သာမက လူသားတို့၏ ဂုဏ်သိက္ခာအတွက်ပါ စဉ်းစားဆောင်ရွက်နေရသည်။ အသိပညာပေးမှုများနှင့်အတူ စိတ်ဓာတ်မြှင့်တင်ရေးလုပ်ငန်းများကိုပါ တစ်ပါတည်းဆောင်ရွက်ကြရသည်။ အရေး အကြီးဆုံးမှာ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ယုံကြည်မှုနည်းနေ၍မရဘဲ အပြန်အလှန် ယုံကြည်မှုရှိရန်နှင့် နားလည်မှုရှိကြရန်သာ အဓိကဖြစ်သည်။ အခြေခံလိုအပ်ချက်များအတွက် အပြန်အလှန် ဖြည့်ဆည်းပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်သာဖြစ်သည်။ သို့မှသာ အိမ်ပြန်ချင်၍ အိမ်ပြန်ရောက် သည့်မိသားစုများ အမှီခိုကင်းကင်းဖြင့် ရေရှည်ဘဝ အာမခံချက်ကို ရရှိကြမည်ဖြစ်ပြီး မိမိတို့ရပ်ရွာ တည်ငြိမ်ရေးနှင့် အေးချမ်းသာယာရေးကို အတူတကွ လက်တွဲပါဝင် ပူးပေါင်းဆောင်ရွက်နိုင်ကြမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။