နေပြည်တော်၊ ဧပြီ ၇

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းဒေသကြီး ခန္တီးမြို့မှ ခန္တီး - ဆင်သေ - လဟယ်လမ်း မိုင်တိုင် ၂၁/၀ နှင့် ၂၂/၀ အတွင်း တောင်ဖြိုလမ်းချဲ့ခြင်းနှင့် (၁၈) ပေအကျယ် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ မိုင်တိုင် ၂၃/၀ နှင့် မိုင်တိုင် ၂၃/၂ အတွင်း (၁၈) ပေအကျယ် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှု စစ်ဆေးရာ လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့ (၈) နှင့် လမ်းအထူးအဖွဲ့ (၁၉) တို့မှ  ဒုတိယ ညွှန်ကြားရေးမှူး (မြို့ပြ) တို့က လုပ်ငန်းဆိုင်ရာများ ရှင်းလင်းတင်ပြမှုကို လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းဒေသကြီးတာဝန်ခံ အင်ဂျင်နီယာချုပ်တို့က လိုအပ်သည်များ ဖြည့်စွက်တင်ပြရာ ဒုတိယဝန်ကြီးက ကျောက်စီရေမြောင်းနှင့် မြေထိန်းနံရံများ ဆက်လက် ဆောင်ရွက်ရန်နှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် လမ်းညွှန်အမှတ်အသား ဆိုင်းဘုတ်များ တပ်ဆင်ရန် မှာကြားသည်။

 

 

ယင်းနောက်  မိုင်တိုင် ၂၄/၄ ရှိ နန့်စလိန်ချောင်း တံတားနှင့် မိုင်တိုင် ၄၂/၀ နှင့် မိုင်တိုင် ၄၃/၀ ကြားရှိ ဟွေထိုက်ချောင်းတံတားအား ကြည့်ရှုပြီး တံတားကြံ့ခိုင်မှု၊ ရေလည်တိုင်နှင့် ကမ်းကပ်ခုံများ ရေတိုက်စားပျက်စီးမှု မရှိစေရေး မှာကြားပြီး မိုင်တိုင် ၄၅/၀ နှင့် ၄၆/၀ ကြားတွင် တောင်ဖြိုလမ်းချဲ့ခြင်း လုပ်ငန်းနှင့် (၁၈) ပေအကျယ် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် လဟယ်လမ်းနှင့် လဟယ် - ရောင်ကွန် - ဒုံဟီး - နန်းယွန်းလမ်း မိုင်တိုင် ၉/၀ နှင့် ၁၀/၀ ကြား ရောက်ရှိရာ တာဝန်ရှိသူများ၏ တင်ပြ ချက်များအပေါ် ဒုတိယဝန်ကြီးက မိုးတွင်းကာလတွင် လမ်းပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်း များအတွက် စီမံချက်များ ကြိုတင်ပြင်ဆင်ရေးဆွဲထားရှိရန် မှာကြားခဲ့ကြောင်းသိရသည်။

 

သတင်းစဉ်