နေပြည်တော်၊ မေ ၇
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန်၏ အရှေ့ဘက်ခြမ်း သဲနုန်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကြသည်။
ကြည့်ရှုစစ်ဆေးစဉ် နေပြည်တော် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး (၅) မှ ညွှန်ကြားရေးမှူးက ကန်တော်မင်္ဂလာရှမ်းကန်အတွင်း သဲနုန်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြ၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များကိုမှာကြားပြီး ကန်တော်မင်္ဂလာ ရှမ်းကန်၏လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လက်ခံ ရယူသည်။
ယခုအခါပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန်၏ အရှေ့ဘက်ခြမ်း သဲနုန်းတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အနေဖြင့် ကျင်းပေါင်း ၅၀၀၀ လျာထားသည့်အနက်မှ မေ ၆ ရက်အထိ သဲနုန်းကျင်း ၁၅၇၀ တူးဖော်ပြီးစီး၍ ရာခိုင်နှုန်းအားဖြင့် ၃၁ ဒသမ ၄၀ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီ၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးခန်း၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီ အနီးကပ်စီမံ ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စု၊ နေပြည်တော်ကောင်စီရုံး၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အား ဖွဲ့စည်းတာဝန် ပေးအပ်ထားပြီး ဖြစ်ပါကြောင်း၊ သဘာ၀ဘေးအန္တရာယ်များသည် မမျှော်လင့်သည့်အချိန်တွင် ရုတ်တရက် ပေါ်ပေါက်လာတတ်သည့် သဘောသဘာဝရှိပါကြောင်း၊ ဘေးအန္တရာယ်များကို ဖြစ်လာမှ ရင်ဆိုင်တုံ့ပြန် ခြင်းထက် ဘေးမဖြစ်ခင် ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းက အထိရောက်ဆုံး နည်းလမ်းဖြစ်ပါကြောင်း၊ သဘာ၀ဘေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုမှ လျော့နည်းသက်သာစွာ ရင်ဆိုင်တုံ့ပြန်နိုင်ရန်နှင့် စနစ်တကျစီမံ ခန့်ခွဲနိုင်ရန် တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည့် အခြေအနေများနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များက လုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြမှုများအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်