မောင်တော  မေ ၈

 

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် ၄ သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်၉ နာရီက အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ  နယ်မြေခံစစ်ဆင်ရေး  ကွပ်ကဲရေးမှူး  ဗိုလ်မှူးချုပ် သူရိန်ထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးနှင့် တစ်ဦးချင်းဝင်ငွေ တိုးပွားလာခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု လျှော့ချစေနိုင်ရေး စသည့် လုပ်ငန်းစဉ်များအတွက် အထောက်အကူပြုနိုင်စေနိုင်ရန် စသည့် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အမျိုးသမီး အိမ်တွင်းမှုလုပ်ငန်း ပညာသင်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်နီလာကြည်မှ သင်တန်းမှ ပို့ချမည့် ဘာသာရပ်များနှင့် သင်တန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသူများက ခင်းကျင်းပြသထားသည့် နမူနာ လက်ရာများနှင့် သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှု အားပေးကြသည်။

 

အဆိုပါသင်တန်းသို့ မောင်တောမြို့မှ ၁၉ ဦး၊ ဘူးသီးတောင်မြို့မှ ၇ ဦး၊ ရသေ့တောင်မြို့မှ ၄ ဦး စုစုပေါင်း သင်တန်းသူ (၃၀) တက်ရောက်သင်ယူမည်ဖြစ်ရာ သင်တန်းကာလမှာ မေ ၈ ရက်မှ အောက်တိုဘာ ၁၀ ရက်ထိ  ၁၈ ပတ်ကြာမြင့်မည် ဖြစ်သည်။

 

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)