ပေါက်တော မေ ၈

 

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ကြိမ်နီပြင် ကယ်ဆယ်ရေးစခန်းတွင် ယမန်နေ့ ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆောင် (၁၈၆)ဆောင် မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။

 

မီးလောင်မှုဖြစ်စဉ်မှာ ကယ်ဆယ်ရေးစခန်းနေ အီလီယာ(၂၇)နှစ်နှင့် ဇနီးဖြစ်သူ မအာရှု(၂၄)နှစ်တို့ ထမင်းချက်နေစဉ်  စကားများရန်ဖြစ်ကြရာ ခင်ပွန်းဖြစ်သူ အီလီယာမှ အနီးရှိ သစ်သားထုတ်ဖြင့် ပစ်ပေါက်ရာ နေအိမ်နောက်ဖေးမီးဖိုအား ထိမှန်၍ မီးစများလွင့်စင်ပြီး အနီးရှိ ဝါးထရံနှင့် ဟွန်ဒါစက်လှေတွင် အသုံးပြုရန်ထားရှိသော ဓာတ်ဆီဘူးအား မီးကူးစက်ခဲ့ကြောင်း၊ အလျား(၆၀)ပေ၊ အနံ(၃၀)ပေ၊ အမြင့်(၁၅)ပေရှိ သစ်သားတိုင်၊ ဝါးကြမ်းခင်း၊ ဝါးထရံကာ၊ သွပ်မိုး (၈)ခန်းတွဲ (၃၅)ဆောင်နှင့် အလျား(၁၅)ပေ၊ အနံ(၁၀)ပေ၊ အမြင့်(၁၅)ပေရှိ သစ်သားတိုင်၊ ဝါးကြမ်းခင်း၊ ဝါးထရံကာ၊ သွပ်မိုးလုံးချင်း နေအိမ်(၁၅၀)ဆောင်၊ အလျား(၄၀)ပေ၊ အနံ(၃၀)ပေ၊ အမြင့်(၁၅)ပေရှိ သစ်သားတိုင်၊ သွပ်မိုး၊ ကွန်ကရစ်ခင်း (၁)ဆောင် မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်ကျွမ်းမှုအား ကယ်ဆယ်ရေးစခန်း နေထိုင်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့်  အိမ်ထောင်စု (၅၃၀)၊ အမျိုးသား (၁၆၂၈)ဦး၊ အမျိုးသမီး (၂၀၈၂)ဦး စုစုပေါင်း (၃၇၁၀)ဦးတို့ အိုးမဲ့အိမ်မဲ့ဖြစ်ပြီး မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ဆုံးရှုံးမှုမရှိကြောင်း၊ မြို့နယ်ပြန်လည်ထူထောင်ရေးကော်မတီမှ မီးဘေးသင့်သူများအား နီးစပ်ရာ ဆွေမျိုးများနေအိမ်၊ စာသင်ကျောင်းများ၊ ဆေးပေးခန်းတို့တွင် ယာယီနေရာချထားပေးကြောင်း သိရသည်။

 

ဝင်းမင်းစိုး(ပြန်/ဆက်)