နေပြည်တော် မေ ၈
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော (၇၅)ကြိမ်မြောက် စိန်ရတုတိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်မြတ်များအား အောင်လက်မှတ်၊ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲနှင့် ချီးကျူးပူဇော်ပွဲအခမ်းအနားကို ၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊မေ ၂၃ ရက် (အင်္ဂါနေ့)၊ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါအခမ်းအနားသို့ ကြွရောက်တော်မူကြမည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒ သြဝါဒါစရိယဆရာတော်ကြီးများ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်များ၊ ပုစ္ဆကဆရာတော်များ၊ ကြီးကြပ်ရေး ဆရာတော်များအပါအဝင် ပင့်သံဃာ ၃၂ ပါး၊ ယခုနှစ်တွင် အောင်မြင်တော်မူကြသော မူလအာဘိဓမ္မိက ၄ ပါး၊ ဒီယနိကာယကောဝိဒ ၃ ပါး၊ ဒီဃဘာဏက ၈ ပါး၊ ဝိနယကောဝိဒ ၈ ပါး၊ ဝိနယဓရ ၃၇ ပါး၊ ဥဘတောဝိဘင်္ဂကောဝိဒ ၇ ပါး၊ ဥဘတောဝိဘင်္ဂဓရ ၈၅ ပါး၊ စာအောင်သံဃာ ၁၅၂ ပါး၊ စုစုပေါင်းသံဃာတော် ၁၈၄ ပါးတို့အား လှူဖွယ်ဝတ္ထုပစ္စည်းများဖြင့် ချီးကျူးပူဇော်မည်ဖြစ်ပါသဖြင့် အလှူရှင်များအနေဖြင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ညွှန်ကြားရေးမှူး၊ စာမေးပွဲဌာနခွဲ၊ သာသနာရေးဦးစီးဌာန၊ ဖုန်း-၀၉-၈၈၀၅၆၀၇၉၀၊ ၀၁-၆၆၄၅၇၈ သို့ ဆက်သွယ်၍ ကြိုတင်လှူဒါန်းနိုင်ပါကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။
သတင်းစဉ်