မေ ၈

 

အိန္ဒိယနိုင်ငံ ရာဂျတ်စတန်ပြည်နယ်အနောက်ပိုင်းတွင် အိန္ဒိယလေတပ်( အိုင်အေအက်ဖ် )၏ MiG-21 တိုက်လေယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွားခဲ့သဖြင့် သုံးဦးသေဆုံးခဲ့သည်ဟု တာဝန်ရှိသူများနှင့် ဒေသတွင်းမီဒီယာ ဖော်ပြချက်များအရ သိရသည်။

 

အဆိုပါလေယာဉ်သည် ရာဂျတ်စတန်ပြည်နယ်မြို့တော် ဂျေပါ၏မြောက်ဘက် ၄၁၅ ကီလိုမီတာအကွာခန့် ဒါဘလီဒေသရှိ နေအိမ်တစ်လုံးပေါ်သို့ ပျက်ကျခဲ့ခြင်းဖြစ်သည်။

 

ထိုလေယာဉ်ပျက်ကျမှုကြောင့် ၎င်းကျေးရွာရှိ အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့သေဆုံးခဲ့ကြောင်း ဒေသတွင်းတာဝန်ရှိသူများ၏ ပြောကြားချက်ကိုကိုးကားပြီး နယူးဒေလီအခြေစိုက်ရုပ်သံလွှင့်ဌာနက ဖော်ပြခဲ့သည်။

 

လေယာဉ်ပျက်ကျရာနေရာမှ မီးခိုးလုံးများမြင့်တက်လာကြောင်းနှင့် အပျက်အစီးများပြန့်ကျဲနေကြောင်း ဖော်ပြထားည်။ ကယ်ဆယ်ရေးအဖွဲ့က လေယာဉ်ပျက်ကျမှုဖြစ်ပွားရာနေရာတွင် ကယ်ဆယ်ရေးလုပ်ငန်များစတင်လုပ်ဆောင်နေသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

 

ထိုလေယာဉ်သည် ဆူရတ်ဂတ်လေတပ်အခြေစိုက်စခန်းမှပျံသန်းပြီးမကြာမီ ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

 

လေယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် ယင်းနေရာသို့ စစ်ရဟတ်ယာဉ်တစ်စင်း ရောက်ရှိခဲ့သည်။

 

ထိုလေယာဉ်မှူးသည် လေယာဉ်အတွင်းမှလေထီးဖြင့် ဘေးကင်းစွာခုန်ထွက်နိုင်ခဲ့သော်လည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်ဟု သိရသည်။

 

လေယာဉ်ပျက်ကျမှုဖြစ်ပွားသည့်အကြောင်းရင်းကို လေ့လာစိစစ်ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့ကြောင်း အိုင်အေအက်ဖ်က ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို