လီမာ၊ မေ ၈
ပီရူးနိုင်ငံတောင်ပိုင်းရှိ ရွှေတွင်းတစ်တွင်း၌ မေ ၆ ရက်က မီးလောင်မှု ဖြစ်ပွားရာ လက်ရှိအချိန်အထိ ၂၇ ဦး သေဆုံးကြောင်း သိရသည်။
နိုင်ငံတောင်ပိုင်း ရာနာကွီဟာမြို့ရှိ အခင်းဖြစ်ပွားရာ ရွှေတွင်း၏ မြေအောက်မီတာ ၁၀၀ ၌ လျှပ်စစ်ဝါယာရှော့ ဖြစ်ပွားရာမှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်အထိ လုပ်သားနှစ်ဦးအား ကယ်ဆယ်နိုင်ခဲ့သော်လည်း အခင်းဖြစ်နေရာ၌ မီးခိုးများအကြား ပိတ်မိနေသူများရှိနေကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ၎င်းရွှေတွင်း အဝမှ မီးခိုးလုံးများ တက်လာသည်ကို ဒေသန္တရမီဒီယာများတွင်ဖော်ပြခဲ့ကြပြီး ရွှေတွင်းလုပ်သားများ၏ မိသားစုဝင်များမှာ တာဝန်ရှိသူများ၏ ဖြစ်စဉ်အပေါ် သတင်းထုတ်ပြန်မှုကို စောင့်ကြည့်နေခဲ့ကြကြောင်း သိရသည်။ ပီရူးနိုင်ငံသည် သတ္တုသယံဇာတများ ထုတ်လုပ်ရာ ထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်ကာ ကြေးနီ ထုတ်လုပ်မှုတွင် ကမ္ဘာ့ဒုတိယအဆင့်ရှိ နိုင်ငံတစ်နိုင်ငံဖြစ်သည်။ သို့ရာတွင် နိုင်ငံအတွင်း ၎င်းလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းခွင်ဘေးကင်းရေး စီမံဆောင်ရွက်ရာတွင် လုပ်ဆောင်မှု စံချိန် မမီသည့် အားနည်းချက်များ ရှိခဲ့သည်။ ပြီးခဲ့သည့်နှစ်အတွင်းက နိုင်ငံအတွင်း မိုင်းလုပ်ငန်းခွင်ဆိုင်ရာ မတော်တဆမှုများကြောင့် ၃၈ ဦး သေဆုံးခဲ့သည်။
ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်- စိုးသူရ