မြန်အောင် ဧပြီ ၉
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေး နှိုးဆော်ခြင်းများနှင့် မုန်တိုင်းဝင်ရာက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်မီးသတ်ဦးစီးဌာနက အသင့်စုဖွဲ့ပြင်ဆင်ထားရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြန်အောင်မြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်စုများအတွင်း နေထိုင်သော ပြည်သူများ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ဧရာဝတီ မြစ်ကမ်းအနီး နေထိုင်သူများ၊ ရေလုပ်သားများ၊ မော်တော်များနှင့် ရေလယ်သောင်ပြင်တွင် စိုက်ပျိုးရေး လုပ်ကိုင်နေသူများ၊ သစ်ပင်ကြီးများအနီးတွင် နေထိုင်သူများအနေဖြင့် မုန်တိုင်းကျရောက်ချိန် အန္တရာယ်ကင်းရှင်းစေရန် သတိပြုနေထိုင်ကြရန်နှင့် ရုံးဌာနအဆောက်အဦများတွင် အရေးကြီး စာရွက် စာတမ်းများ ပျက်ဆီးဆုံးရှုံးမှုမရှိစေရန် ကြိုတင်သိမ်းဆည်းထားကြရန်၊ တောင်ကျချောင်းဘေး နေထိုင်သူများ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သဖြင့် အန္တရာယ်ကင်းရာတွင် နေထိုင်ကြရန်၊ ကျွဲနွားတိရစ္ဆာန်များ လေမိုးလွတ်ရာနေရာတွင် ပြောင်းရွေ့ထားရှိကြရန်နှင့် ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရန် အမိုးအကာအောက်သို့ ကြိုတင်ပြောင်းရွေ့ထားကြရန်တို့ကို မြို့နယ် စီမံအုပ်ချုပ်ရေးဖွဲ့က အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
မြန်အောင်မြို့နယ်အတွင်း မြန်အောင်မီးသတ်စခန်း၊ ကနောင်မီးသတ်စခန်း၊ ရွှေကျင်မီးသတ်စခန်းနှင့် သပြေကုန်း မီးသတ်စခန်းတို့တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်စုဖွဲ့ထားရှိပြီး ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုသူထံမှ သိရသည်။
ဝင်းဗိုလ်(မြန်အောင်)