နေပြည်တော် ၊ မေ ၉
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ရုံးအမှတ် (၂၆) ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၌ ကျင်းပသည့် နိုင်ငံတော်အတွက် ရရန်ရှိသည့်အခွန်များ မှန်မှန်ကန်ကန်ရရှိနိုင်ရေးကိစ္စနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ ဦးမင်းနောင်၊ ဦးသောင်းဟန်၊ ဦးအောင်နိုင်ဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်၊ ဦးမောင်မောင်ဝင်း၊ ဦးထွန်းအုံ၊ ဦးသန့်စင်နှင့် သက်ဆိုင်ရာဌာန အကြီးအကဲများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ၂၀၂၂ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနအနေဖြင့် ပြည်ထောင်စု၏ သုံးလပတ် အလိုက် အခွန်ရငွေကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ လည်းကောင်း၊ ခြောက်လပတ်အလိုက်အခွန်ရငွေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ လည်းကောင်း အစီရင်ခံတင်ပြလျက်ရှိကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ် နိုင်ငံတော်၏ အခွန်ရငွေစာရင်းများ တင်ပြမှုနှင့်စပ်လျဉ်း၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်အတွက် ရရန်ရှိသည့်အခွန်များ မှန်မှန်ကန်ကန် ရရှိရန်လိုအပ်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရန် ညွှန်ကြားမှုပြုခဲ့ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တတိယ (၃)လပတ် နိုင်ငံတော်၏ အခွန်ရငွေစာရင်းများတွင် အခွန် အကောက်ရငွေ လျာထားချက်ထက် ကျော်လွန်ကောက်ခံနိုင်သော ဝန်ကြီးဌာနများရှိသကဲ့သို့ လျာထားချက် ပြည့်မီအောင် ကောက်ခံနိုင်ခြင်းမရှိသည့် ဝန်ကြီးဌာနအချို့လည်း ရှိနေသည်ကို စိစစ် တွေ့ရှိရကြောင်း။
ယနေ့အစည်းအဝေးတွင် လျာထားချက်ပြည့်မီအောင် ကောက်ခံနိုင်ခြင်းမရှိသည့် ဝန်ကြီးဌာန များအနေဖြင့် အခွန်ရငွေလျော့နည်းရသည့် အကြောင်းရင်းများကို စိစစ်ဖော်ထုတ်၍ လာမည့် ဘဏ္ဍာရေးနှစ်တွင် အခွန်အကောက်ရငွေများ မှန်မှန်ကန်ကန်နှင့် အပြည့်အဝ ကောက်ခံရရှိနိုင်ရေး အတွက် ဆောင်ရွက်သင့်သည့် အစီအမံများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း၊ နိုင်ငံတော်၏ဝင်ငွေကို ရှာဖွေရာတွင် အခွန်စည်းကြပ်ကောက်ခံရေးသည် အဓိကကျသည့်အတွက် နိုင်ငံတော်အတွက် အခွန်ကောက်ခံပေးနေသော ဝန်ကြီးဌာနများအားလုံးအနေဖြင့် အားနည်းချက် များကိုပြုပြင်ကာ လာမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်အကောက်များကို လျာထားချက်များနှင့်အညီ မှန်မှန်ကန်ကန်နှင့် အပြည့်အဝကောက်ခံရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် အလေးအနက် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဌာနအကြီး အကဲများက အခွန်အကောက်များကို လျာထားချက်ပြည့်မီအောင် ကောက်ခံရရှိနိုင်ရေးနှင့် အသုံးစရိတ် များကိုလည်း လျာထားချက်များနှင့်အညီ ထိရောက်စွာသုံးစွဲနိုင်ရေး ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေး ကြသည်။
ဆွေးနွေးချက်များအပေါ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက သုံးသပ်ဆွေးနွေးပြီး၊ ပြည်ထောင်စု၏ အခွန်အကောက်ဉပဒေနှင့်အညီ နိုင်ငံတော်အတွက် ရရန်ရှိသည့်အခွန်များ မှန်မှန် ကန်ကန်ရရှိနိုင်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူလျက် အခွန်ငွေများ အပြည့်အဝ ကောက်ခံရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)