မေ ၁၀

 

ဂျာမနီနိုင်ငံအရှေ့ပိုင်း ဘန်ဒန်ဘာ့ပြည်နယ်ရှိ အေ ၂၁ အဝေးပြေးလမ်းမတွင် ယမန်နေ့က ဘတ်စ်ကားတစ်စီးနှင့် ထရပ်ကားတစ်စီးတို့တိုက်မိသဖြင့် ၅၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဂျာမန်သတင်းအေဂျင်စီ ဒီပီအေက ဖော်ပြထားသည်။

 

အဆိုပါယာဉ်မတော်တဆမှုသည် စတောကိုနှင့် ဖရိုင်ဒါဒေါ့ဖ်မြို့နှစ်မြို့ကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရရှိသူ ၅၂ ဦးအနက် ၁၀ ဦးသည် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ ဒဏ်ရာရရှိသူအားလုံးကို အနီးနားရှိဆေးရုံများသို့ပို့ဆောင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။

 

ကနဦးသတင်းဖော်ပြချက်များအရ ဘာလင်သို့ဦးတည်လာသော လောင်စာဆီတင်ထရပ်ကားသည် လမ်းကြောင်းပြောင်းလဲ မောင်းနှင်ရန်ကြိုးစားနေစဉ် ခရီးဝေးမောင်းနှင်သော ဘတ်စ်ကားနှင့် တိုက်မိခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

 

ယာဉ်မတော်တဆမှု ဖြစ်ပွားရာနေရာသို့ ရဟတ်ယာဉ်များ၊ လူနာတင်ယာဉ်များနှင့် ရဲအရာရှိများ ရောက်ရှိလာသဖြင့် ထိုအဝေးပြေးလမ်းမပိတ်ထားရသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို