မန္တလေး ၁၅ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဝက်ဘ်ဆိုဒ် လွှင့်တင်ခြင်းအခမ်းအနားနှင့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် သက်တမ်းဝက် အစီရင်ခံစာ မိတ်ဆက်ပွဲအခမ်းအနား ယနေ့ကျင်းပပြုလုပ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဝက်ဘ်ဆိုက်တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်၊ ဆွေးနွေးခဲ့သည့် အဆို၊ မေးခွန်း၊ ကြေငြာချက်၊ သုတေသန ကဏ္ဍ၊ စာကြည့်တိုက် ကဏ္ဍများ၊ လွှတ်တော်တွင် အစိုးရအဖွဲ့ကပေးထားသည့် ကတိကဝတ်များကို လေ့လာနိုင်ကြောင်း သိရသည်။
"လွှတ်တော်ရဲ့အကြောင်းကိုပြည်သူတွေ ပိုမို သိရှိနိုင်အောင်၊ လွှတ်တော်မှာ ဆွေးနွေးတဲ့ ဥပဒေ၊ နည်းဥပဒေ၊ အစည်းအဝေးအကြောင်း အရာတွေ၊ ကြေငြာချက်တွေ လွှတ်တော်မှာ လုပ်တဲ့ လုပ်ငန်းစဉ်တွေကို ပြည်သူတွေ သိရှိစေဖို့ ဝက်ဘ်ဆိုဒ် ကိုဆောင်ရွက်ခြင်း ဖြစ်ပါတယ်'' ဟု မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယညွှန်ကြားရေးမှူး ဦးအောင်အောင်ဇော်က ပြောသည်။
မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဝက်ဘ်ဆိုဒ် လွှင့်တင်ခြင်းကို မေတ္တာကမ်ပိန်းလူငယ်အဖွဲ့ က ကူညီဆောင်ရွက်ပေးခြင်းဖြစ်ပြီး ငွေကျပ် သိန်း ၆၀ ခန့် ကုန်ကျကြောင်း သိရသည်။
"တိုင်ကြားစာတွေကိုလည်း လွှတ်တော်အထိ လာပြီးတင်စရာမလိုဘဲ ဝက်ဘ်ဆိုက် ကနေ အလွယ်တကူ တင်လို့ရအောင် ဆောင်ရွက်ထားပါတယ်'' ဟု မေတ္တာကမ်ပိန်းလူငယ်အဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုသန်းမြတ်စိုးက ပြောသည်။
အိမို့မို့ခိုင်