နေပြည်တော် မေ ၁၃

 

အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရေးနှင့် လူငယ်မျိုးဆက်သစ် အားကစား သမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အားကစားနှင့် ကာယပညာဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ခုနှစ်၊ နေပြည်တာ်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော် လယ်ဝေးမြို့နယ် အားကစားလေ့ကျင့်ရေးစခန်း(၂) (TC-2) ၌ ကျင်းပသည်။

 

အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဇနီး၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ တက်ရောက် ကြည့်ရှုအားပေးကြသည်။

 

ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် တပ်ကုန်းမြို့နယ်အသင်းနှင့် လယ်ဝေးမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တပ်ကုန်းမြို့နယ်အသင်းက နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။

 

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ အကောင်းဆုံးဂိုးသမား ဆုတံဆိပ်နှင့် ငွေသားဆု၊ နောက်တန်း အကောင်းဆုံးအားကစားသမား ဆုတံဆိပ်နှင့်ငွေသားဆု၊ အလယ်တန်းအကောင်းဆုံး အားကစားသမား ဆုတံဆိပ်နှင့် ငွေသားဆု၊ ရှေ့တန်းအကောင်းဆုံး အားကစားသမား ဆုတံဆိပ်နှင့် ငွေသားဆု၊  ပွဲစဉ်တစ်လျှောက်အကောင်းဆုံး အားကစားဆုတံဆိပ်နှင့် ငွေသားဆုများကို နေပြည်တော် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ရဲမှူးကြီး ကိုကိုလွင်၊ ဦးကျော်သိန်းဆိုင်နှင့် တာဝန်ရှိသူများက လည်းကောင်း၊ တတိယဆုရရှိသည့် ပျဉ်းမနားမြို့နယ်အသင်းကို နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေကျပ် (၅)သိန်းကို လည်းကောင်း၊ ဒုတိယဆုရရှိသည့် လယ်ဝေးမြို့နယ်အသင်းကို နေပြည်တော်ကောင်စီ အဖွဲ့ဝင်ဦး ဇေယျာလင်းက တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေကျပ်(၇)သိန်း ကိုလည်းကောင်း၊ ပထမဆုရရှိသည့် တပ်ကုန်းမြို့နယ်အသင်းကို နေပြည်တော် ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်က တစ်ဦးချင်း ဆုတံဆိပ်ကို လည်းကောင်း ပေးအပ်ချီးမြှင့်ပြီး ပထမဆုရရှိသည့် တပ်ကုန်းမြို့နယ်အသင်းကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ဂုဏ်ပြု ဆုငွေကျပ် (၁၀)သိန်းနှင့် တံခွန်စိုက် ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)