ဂွ မေ ၁၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်း မုန်တိုင်းအန္တရာယ် ကျရောက်နိုင်သော ကျေးရွာများမှ ပြည်သူများအား မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လူမှုကူညီရေးအသင်းများက စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများသို့ စနစ်တကျ ပြောင်းရွှေ့ပေးခဲ့ကြပြီး မုန်တိုင်းဘေးခိုလှုံရာ ပြည်သူများအတွက် စားရေရိက္ခာများကို ယမန်နေ့က ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဂွမြို့နယ်တွင် ရခိုင်ပြည်နယ်အစိုးရနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် မုန်တိုင်းခိုလှုံရာနေရာများဖြစ်သည့် ရွာမရပ်ရပ်ကွက်၊ ရဟိုင်ကူးတို့၊ မြို့မရပ်ကွက်၊ တောင်ပေါက်ကျေးရွာ၊ တင်းတောကျေးရွာ၊ မကျေးငူကျေးရွာ၊ ဆပ်သွားကျေးရွာ၊ ဇီးကုန်းကျေးရွာ၊ ကြွေချိုင်ကျေးရွာ၊ လောင်းကျိုးကျေးရွာတို့ရှိ မုန်တိုင်းဘေးခိုလှုံရာ ပြည်သူ(၂၈၃၈)ဦးတို့အတွက် ပြည်သူများ စားရေရိက္ခာ ဖူလုံစေရေးအတွက် ဆန်(၁၀၀)အိတ်၊ (၅)ဂါလံဝင် ဆီပုံး(၃၂)ပုံးနှင့် ရေသန့်ဘူးကြီး(၂၀)ဘူး၊ ခေါက်ဆွဲခြောက်(၁၅)ပါကင်၊ ကြက်ဥအလုံး(၅၀၀)တို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်သူများအား မုန်တိုင်းအန္တရာယ်မှ ကင်းဝေးစေရေး ကြိုတင်ကာကွယ်နေထိုင်နည်းများကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်