နေပြည်တော် မေ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ လယ်ယာကုန်ထုတ်လုပ်မှု လုပ်ငန်းများ သဘာဝဘေးထိခိုက်မှုမဖြစ်ပေါ်စေရေး နှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ကြစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့်တာဝန်ရှိသူများသည် ယမန်နေ့က ကွင်းဆင်း ဆောင်ရွက်သည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး သည် ဒက္ခိဏသီရိမြို့နယ်၊ ရွာမကျေးရွာ တောင်သူဦးဇော်လွင် ၏ ရေဆင်းစပ်မျိုး(၁၆) နွေပဲတီစိမ်း အထွက်တိုးစံပြကွက်တွင် ဒေသခံ တောင်သူများနှင့်တွေ့ ဆုံ၍ ရာသီဥတုနှင့်သဘာဝဘေးဒဏ်များကြောင့် သီးနှံများလေလွင့် ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး ကြိုတင်စီမံဆောင်ရွက်ရန် လိုအပ်ချက်များနှင့် လယ်ယာကုန်ထုတ် လုပ်ငန်းများအပေါ် ထိခိုက်မှု မရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊  မြေဆီလွှာထိန်း သိမ်းခြင်း သွင်းအားစုထည့်သွင်းခြင်းဆိုင်ရာ နည်းစနစ်များ လိုက်နာကျင့်သုံးရန်လိုအပ် ချက်များ ၊ စိုက်ပျိုးမြေအားလုံး ကွက်ပြည့်အသုံးချနိုင်ရေး နှင့် သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး နှင့်တာဝန်ရှိသူများသည် တောင်သူများနှင့်အတူ ရေဆင်းစပ်မျိုး(၁၆) နွေပဲတီစိမ်း အထွက်တိုး စံပြကွက် ၏ဖြစ်ထွန်းအောင်မြင်ကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် ပျဉ်းမနားမြို့နယ်၊ ကျီးအင်းအုပ်စု၊ ကျီးဖြူရိုးကျေးရွာ မွေးမြူရေး တောင်သူ ဒေါ်သန်းတင့် ၏ အသားတိုးကြက်ခြံ ကိုကြည့်ရှုစစ်ဆေးအားပေးရာ တာဝန်ရှိသူများက တိရစ္ဆာန်ကူးစက်ရောဂါ တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု နှင့် ဈေးကွက်လိုအပ်ချက်အရ အသားတိုးကြက်ထုတ်လုပ်နေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။တင်ပြချက်များနှင့်စက်လျဉ်း၍ ဒုတိယဝန်ကြီး က ပုဂ္ဂလိကမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပြီး လိုအပ်ချက်များ ဖြည့်စွက် ဆွေးနွေးမှာကြားသည်။
 
ထို့နောက် ဆည်မြောင်းနှင့်ရေအသုံချမှု စီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက် လျက်ရှိသည့်  ပျဉ်းမနား မင်္ဂလာကန်အရှေ့ဘက်ခြမ်း နုန်းတူးဖော်ရေး လုပ်ငန်းဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်