နေပြည်တော် မေ ၁၅
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ယမန်နေ့ မွန်းလွဲ ၁ နာရီက ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ဂွမြို့တို့၌ မိုက်ခရိုဝေ့ဗ်တာဝါတိုင်နှင့် လူနေအိမ်များ ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
စစ်တွေမြို့၌ မုန်တိုင်းတိုက်ခတ်စဉ် လေတိုက်နှုန်း တစ်နာရီ ၁၂၅ မိုင်နှုန်း တိုက်ခတ်မှုကြောင့် မိုက်ခရိုဝေ့ဗ်တာဝါတိုင် ပြိုကျပျက်စီးခဲ့သဖြင့် မိုဘိုင်းစခန်းရုံး ၁၀၀ သည် ယင်းနေ့ မွန်းလွဲ ၂ နာရီမှစတင်၍ ဆက်သွယ်မှုများ ပြတ်တောက်သွားခဲ့ကြောင်းနှင့် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ အမိုးအကာများ ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ဂွမြို့၌ ကျေးရွာ၊ ရပ်ကွက်များရှိ ထရန်စဖော်မာ ၁ ခု၊ ဓာတ်အားလိုင်း ၁ လိုင်း၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ အုပ်ချုပ်ရေးမှူးရုံး ၁ ရုံး၊ ကျေးလက်ဆေးပေးခန်း ၁ လုံးနှင့် လူနေအိမ် ၇၆ လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါပျက်စီးမှုများကို သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ လိုအပ်သည့်ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
MDN