နေပြည်တော် ၁၇ ဒီဇင်ဘာ 

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၅ ရက် မြောက်နေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီရင်ခံစာနှစ်ခု ဖတ်ကြားခြင်းနှင့် ဥပဒေကြမ်းတစ်ခု ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင်၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်း မြို့နယ်ပေါင်း (၃၃၀) ရှိ အခြေခံပညာ အထက်တန်းကျောင်းများနှင့် အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)များတွင် အထက်တန်းပြ ဆရာ၊ ဆရာမများ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် မဟာသိပ္ပံဘွဲ့ရ ၊မဟာဝိဇ္ဇာဘွဲ့ရများကို အထက်တန်းပြရာထူးများ ခန့်အပ်ပေးသွားရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အခြေခံပညာအထက်တန်းကျောင်းများနှင့် အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)များတွင် အထက်တန်းပြ ဆရာ၊ ဆရာမများ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ဌာနတွင်းမှ ကျောင်းသင်ဘာသာရပ်နှင့် ကိုက်ညီသည့် မဟာဘွဲ့ရ မူလတန်းပြနှင့် အလယ်တန်းပြ ဆရာ၊ ဆရာမ များအား လစ်လပ်ဘာသာရပ်နှင့် ဆန္ဒပြုဒေသကိုက်ညီပါက အထက်တန်းပြ ရာထူးတိုးမြှင့်ခန့်ထားပေးလျက်ရှိပါကြောင်းနှင့် အထက်တန်းပြ လစ်လပ်နေရာများအား ထပ်မံဖြည့်ဆည်းခန့်ထားပေးနိုင်ရေး တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ သဘောထားမှတ်ချက်ရယူပြီး ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်း ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ တောချောင်းဦးကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က တောချောင်းဦးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်း စာစစ်ဌာနအသစ် ဖွင့်လှစ်ရန်အတွက် မြို့နယ်ပညာရေးမှူးရုံး၊ ခရိုင်ပညာရေးမှူးရုံး၊ တိုင်းဒေသကြီး ပညာရေးမှူးရုံးတို့မှ ဖွင့်လှစ်ခွင့်ပြုသင့်ကြောင်း ထောက်ခံချက်ဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ဆက်လက်တင်ပြခဲ့သော်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့က ၎င်းတို့၏ သတ်မှတ်ချက်များနှင့် မကိုက်ညီသည့်အတွက် ထောက်ခံမှု မပြုသဖြင့် အဆိုပါကျောင်း၌ စာစစ်ဌာနဖွင့်လှစ်ခွင့်ပြုရန် ကိစ္စအပေါ် အခြေခံပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံစာစစ် ဦးစီးဌာနတို့မှ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ဖြေကြားသည်။

 

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်စန်းစန်းမြင့်၏ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် အောင်မြင်ကုန်းကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်း (ခွဲ)၊ ခတ်ချိုကွင်းကျေးရွာ၊ အခြေခံပညာအလယ် တန်းကျောင်း (ခွဲ)နှင့် စစ်ဘို ကြီးကျေးရွာ၊ အခြေခံပညာမူလတန်း (လွန်)ကျောင်းတို့တွင် ပညာသင်ကြားနေ သော အရှို (ချင်း) တိုင်းရင်းသားများ ကျောင်းပုံနှိပ်စာအုပ်များ မည်သည့်အတွက်ကြောင့် မရရှိသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်တွင် တိုင်းရင်းသားဘာသာစာအုပ်များ ပုံနှိပ်ထုတ်ဝေရန်အတွက် တင်ဒါများခေါ်ယူခဲ့သော်လည်း တင်ဒါခေါ်ယူမှု ဈေးနှုန်းများကြောင့် ရိုက်နှိပ်ဖြန့်ဝေပေးနိုင်ခဲ့ခြင်း မရှိခဲ့ပါကြောင်းနှင့် ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ် အတွက်လည်း အမျိုးသားပညာရေးဥပဒေ ပုဒ်မ  ၄၄ အရ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့တို့၏ အစီအစဉ်ဖြင့်သာ ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် တိုင်းဒေသကြီး /ပြည်နယ် အစိုးရအဖွဲ့များ၏ သဘောထားမှတ်ချက်များ ရယူညှိနှိုင်းဆဲ ဖြစ်သည့်အတွက် အခမဲ့ပုံနှိပ်ဖြန့်ဝေပေးမှု မရှိသေးပါကြောင်းနှင့် တိုင်းရင်းသားဘာသာ စာအုပ်များ ရိုက်နှိပ်ဖြန့်ဝေပြီးမှသာ ခွဲတမ်းအရေအတွက်အတိုင်း ခွဲဝေပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

အလားတူ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦး၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးညီစိန်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော် ကျော်ဝင်းနှင့် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်းတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြန်လည်ရှင်းလင်း ဖြေကြားသည်။

 

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေးတင်ပြ၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးကျော်ကျော်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော မြန်မာနိုင်ငံ စာရင်းကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက စိစစ်တင်ပြသည့် အစီရင်ခံစာအပေါ် လွှတ်တော်၏အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ကြေညာသည်။

 

ထို့နောက် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်က ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေသည် အရေးကြီးသည့် ဥပဒေတစ်ခုဖြစ်ပါကြောင်း၊ ယဉ်ကျေးမှု အမွေအနှစ်များကို ကာကွယ် ထိန်းသိမ်းခြင်းသည် နိုင်ငံသားများ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားစေပြီး ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက် စေပါကြောင်း၊ တိုင်းရင်းသားဒေသများတွင်လည်း ယဉ်ကျေးမှုဆိုင်ရာအမွေအနှစ်များကို ဖော်ထုတ်ပြီး ကာကွယ်ထိန်းသိမ်းရန် လိုအပ်မည် ဖြစ်ပါကြောင်း ဆွေးနွေးသည်။

 

တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူး ကျော်မင်းထွန်းက ယဉ်ကျေးမှုအမွေ အနှစ်သည် စကားရပ်တစ်ခု ဖြစ်သော်လည်း ဂုဏ်ရည်နှင့်တန်ဖိုးမှာ နက်နဲလှပါ ကြောင်း၊ အမွေအနှစ်တစ်ခု၏ ဂုဏ်ရည်နှင့် တန်ဖိုးကို ဆက်လက်ထိန်းသိမ်း ထားနိုင် ရေးအတွက် ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများမှာ များပြားလှပါကြောင်း၊ နောင်မျိုးဆက်သစ်ထိတိုင် စဉ်ဆက်မပျက် အသိပညာရှင်များ၊ အတတ်ပညာရှင်များ နှင့်အတူ ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းစောင့်ရှောက်မှသာ အမွေအနှစ်ကောင်းများအဖြစ် ထားရစ်နိုင်မည် ဖြစ်ပါကြောင်း၊ အဆိုပါအမွေအနှစ်များ ရေရှည်တည်တံ့စေရေး၊ ကာကွယ်စောင့်ရှောက်ထိန်းသိမ်း သွားနိုင်စေရေးတို့အတွက် ဥပဒေတစ်ရပ်ကို ထုတ်ပြန် မည်ဆိုပါက ယင်းဥပဒေကို လိုက်ပါဆောင်ရွက်ရမည့် ဌာန၊ အဖွဲ့အစည်း၊ ကော်မတီများအနေဖြင့် လျင်မြန်လွယ်ကူစွာ အချိတ်အဆက်မိမိ အကောင်အထည်ဖော် နိုင်ရေး ကြိုးပမ်းဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးသည်။

 

ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင် မောင်လတ်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးဝင်းကြိုင်၊ ပဲခူးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသိန်း (ခ) ဦးမောင်စိုး၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးမင်းရဲထွန်း ၊တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ဉာဏ်ရွှေ၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူး ဇော်ဝင်းဦးနှင့် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒ နယ် အမှတ်(၇)မှ ဦးကျော်တုတ် တို့က ဆက်လက်ဆွေးနွေးကြသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိမ်းဆွေ က ကော်မတီ၏ ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ နဝမပုံမှန် အစည်းအဝေးအထိ တင်သွင်း မေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို အမျိုးသား လွှတ်တော်သို့ ဖတ်ကြားတင်သွင်းရာတွင် ကော်မတီသည် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ နဝမပုံမှန်အစည်း အဝေးအတွင်း ကိုယ်စားလှယ်များ တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခဲ့ရာ ၁၁ကြိမ်မြောက် ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ နောက်နောင် များတွင်လည်း ကိုယ်စားလှယ်များ တင်သွင်းမေးမြန်းသည့် အဆိုများ၊ မေးခွန်းများနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးသင့်သည့် ကိစ္စရပ်များကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ၏လမ်းညွှန်မှုကို ခံယူ၍ ဆက်လက်ကွင်းဆင်းစိစစ်သွားမည် ဖြစ်ပြီး ကွင်းဆင်းစိစစ်ရာတွင်လည်း အဆိုနှင့် မေးခွန်းရှင် ကိုယ်စားလှယ်များကလည်း ယခုထက်ပိုမို၍ ကော်မတီနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ပါရန်နှင့် ကော်မတီမှလည်း ကတိဖြစ်ပေါ်ခဲ့သည့်အဆို၊ မေးခွန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေကို စိစစ်ရာတွင် ငြင်းပယ်မှု မရှိစေရေးအတွက် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီသို့ အချိန်နှင့်တပြေးညီ ဆက်လက်ပေးပို့ လျက်ရှိပါ ကြောင်း ပြောကြားသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုပါအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၆ ရက်မြောက် နေ့ကို ဒီဇင်ဘာ ၁၉ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်၊ လူမော် (သတင်းစဉ်)