စစ်တွေ မေ ၁၅
ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆပ်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Serve Cyclonic Storm) မိုခါ (MOCHA)သည် ယမန်နေ့ နံနက် မြန်မာစံတော်ချိန် ၁၀ နာရီခွဲတွင် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသများကို စစ်တွေ မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။
အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA)သည် စစ်တွေမြို့၏ အနောက် တောင်ဘက်မှ မုန်တိုင်း၏ အဝန်းအဝိုင်း စတင်ဝင်ရောက်ခဲ့ပြီး နံနက် ၁၀ နာရီခွဲတွင် လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၆၀ နှုန်းဖြင့်လည်းကောင်း၊ မွန်းတည့် (၁၂) နာရီမှ (၁) နာရီအတွင်း တစ်နာရီလျှင် မိုင် ၈၀ နှုန်းဖြင့်လည်းကောင်း၊ မွန်းလွဲ (၁)နာရီမှစ၍ ပိုမို အားကောင်းလာကာ မုန်တိုင်း ဗဟိုချက် ဖြတ်ကျော်သည့် မွန်းလွဲ ၁ နာရီခွဲမှစ၍ လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၂၀ နှုန်းဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ညနေ ၄ နာရီနောက်ပိုင်းမှစ၍ လေတိုက်နှုန်းတဖြည်းဖြည်း လျော့နည်း ကျဆင်းခဲ့သည်။
အဆိုပါ မုန်တိုင်း၏ တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်ခဲ့ကာ အဆောက်အဉီများ ပြိုကျခြင်း၊ အမိုးများလန်ခြင်း၊သစ်ပင်များလဲကျခြင်း၊လျှပ်စစ်ဓာတ်မီးတိုင်နှင့် Transfomar များ ပြိုကျပျက်စီးခြင်း၊ မြေနိမ့်ပိုင်းဒေသများတွင် ရေကြီးရေလျှံခြင်း၊ တောင်ကျ ချောင်းရေလျှံခြင်းစသည့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။
မုန်တိုင်းကြောင့်ထိခိုက်ဆုံရှုံးခဲ့ရသော စစ်တွေမြို့အပါအဝင်ဒေသအသီးသီးသို့ ပြည်နယ် သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းများကို နိုင်ငံတော်အဆင့် သဘာဝ ဘေးစီမံခန့်ခွဲမှုဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့် ဘေးသင့်ဒေသများရှိ ပြည်သူများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(ပြည်နယ် ပြန်/ဆက်)