နေပြည်တော် မေ ၁၅
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် နေပြည်တော်အတွင်းရှိ မြို့နယ်များမှ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ အမိုးလန်ပျက်စီးကာ သစ်ပင်၊ သစ်ကိုင်းများကျိုးကျပြီး ဓာတ်တိုင်များ ပြိုလဲပျက်စီးမှုများဖြစ်ပွားခဲ့ရာ နေရာများသို့ ကွင်းဆင်းကြည့်ရှုသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများသည် နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် ၁၀၀၀ သို့ သွားရောက်၍ လေပြင်းတိုက်ခတ်မှု ကြောင့် ဓာတ်တိုင်လဲကျ၍ ပြန်လည် ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး အစည်းအဝေးခန်းမ၌ ဆေးရုံမှကျန်းမာရေး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကျန်းမာရေး အသိပညာပေးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ အစားအသောက်များနှင့်ပတ်သက်၍ သန့်ရှင်းသည့် အစားအသောက် များဖြစ်စေရေးစစ်ဆေးရန်နှင့် လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် ဒက္ခိဏသီရိမြို့နယ်၊ မဲဒီးကျေးရွာသို့ သွားရောက်၍ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်ဆီးခဲ့သည့် အခြေခံပညာ မူလတန်းကျောင်း ကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ်၊ တောင်သာကျေးရွာတွင် လေပြင်းတိုက်ခတ်ပြီး သစ်ပင်လဲကျမှု ကြောင့် ထိခိုက်ခဲ့သည့် ထရန်စဖော်မာတစ်လုံးနှင့် ဓာတ်တိုင်များလဲကျမှုများအား မြို့နယ်လျှပ်စစ်မှ တာဝန်ရှိသူများက အသစ်တစ်လုံး လဲလှယ်တပ်ဆင်နေမှုနှင့် သစ်ပင်သစ်ကိုင်းများရှင်းလင်းနေမှုကို လည်းကောင်း၊ ဇေယျာသီရိမြို့နယ်၊ အောင်ဇေယျရပ်ကွက်ရှိ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲပြီး အမိုးလန်ပျက်စီးခဲ့သည့် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ကျောင်းဆောင်ကို လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ရေဆင်းကျေးရွာအုပ်စု၊ ရေဆင်းကျေးရွာ၊ ရေဆင်းရေလှောင်တမံကို လည်းကောင်း ၊ဥတ္တရသီရိမြို့နယ် ချောင်းမကြီး ရေလှောင်တမံ ရေဝင်ရောက်မှုနှင့် ရေဖြန့်ဝေပေးနေမှုများကို လည်းကောင်း ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့၊ မေတ္တာကန် သဲနှုန်းများတူးဖော်ရေး လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုမှာ ကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် ညနေ ၄ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် လယ်ဝေးမြို့နယ်၊ ကန်သာ ကျေးရွာအုပ်စု၊ အောင်မြင်ကုန်း ကျေးရွာနှင့် တံတားဦးကျေးရွာများ ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်ပြီး အမှာစကားပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်စည်ပင်သာ ယာရေးကော်မတီ ဒုတိယမြို့တော်ဝန်ဦးမောင်မောင်၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များနှင့် တက်ရောက်လာကြသူများက အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာများ ပြန်လည် ထူထောင်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီး နေပြည်တော် ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်က ဖြည့်စွက်ဆွေးနွေးတင်ပြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)