ရန်ကုန် မေ ၁၅
ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ် ကြားတောရရပ်ကွက် ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထပ်ဆောင်းထိုးနှံခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် အဆိုပါကျောင်းတိုက်ရှိ အဘိဓဇဆွမ်းစား ကျောင်းတော်ကြီး၌ ကျင်းပသည်၊၊
ရှေးဦးစွာရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိ သူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုနှင့်စပ်လျဉ်း၍ သိကောင်းစရာများ ကိုဆရာတော်သံဃာတော်များအား ရှင်းလင်းလျှောက်ထားပြီး နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ရွှေတိဂုံစေတီတော် ဘဏ္ဍတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ တိပိဋကဩဝါဒါစရိယ၊ စေတိယင်္ဂဏပဝရ သီရိမဟာ ဓမ္မဂုရု ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာဆရာတော်) အမှူးပြုသည့် ဆရာတော်၊ သံဃာတော်အပါး (၁၀၀)ကို ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံပေးကြသည်၊၊
အဆိုပါ ကာကွယ်ဆေးများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ Shenzfen ဗုဒ္ဓဘာသာအဖွဲ့ အတွင်း ရေးမှူးနှင့် တောင်တရုတ်ပင်လယ်တရုတ်ဗုဒ္ဓဘာသာ ဒုတိယဥက္ကဋ္ဌ Hongfa ဘုန်တော်ကြီးကျောင်း ဆရာတော် Venerable Master Yinshun တို့ကိုယ်စား တရုတ်ကုန်သည်ကြီးများအသင်းက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီး အမှူးပြုသော ဆရာတော်ကြီးများ ထံလာရောက် လှူဒါန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinopharm)များကို မေ(၁၆)ရက်တွင် သာဓု ပရိယတ္တိစာသင်တိုက် နှင့် ကွင်းကျောင်းပရိယတ္တိစာသင်တိုက်၊ မေ(၁၇)ရက်တွင် လင်းလွန်ပင်ကျောင်းတိုက်နှင့် ဝါယာလက် ကျောင်း၊ မေ(၁၈)ရက်တွင် ရွှေမြိုင်သီရိ သီလရှင်စာသင်တိုက်နှင့် ကလေးဝတောရစာသင်တိုက်၊ မေ(၁၉)ရက်တွင် ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်း၊ မေ(၂၀)ရက်တွင် စွန်းလွန်းဂူဝိပဿနာ ကျောင်းနှင့် စစ်ကိုင်းစာသင်တိုက်၊ မေ(၂၁)ရက်တွင် အလင်းရတနာသီလရှင်စာသင်တိုက်၊ တိက္ခာရာမ သီလရှင်ကျောင်းနှင့် ရတနာမြိုင်ကျောင်း၊ မေ(၂၂)ရက်တွင် မင်္ဂလာသုခပါဠိတက္ကသိုလ် ၊မေ(၂၃)ရက်တွင် အနန္တဂုဏ်ရည်ကျောင်းတိုက်နှင့် မင်္ဂလာသီရိကျောင်းတိုက်၊ မေ(၂၄) ရက်တွင် သံတံတားရွာဦး ကျောင်းတိုက်၊ မေ(၂၅)ရက်တွင် သီတဂူဗုဒ္ဓတက္ကသိုလ်နှင့် ပါရမီသီလရှင်စာသင်တိုက်တို့၌ ဆရာတော်၊ သံဃာတော်၊ သီလရှင် စုစုပေါင်း (၁၀၂၈)ဦးတို့ကို ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူးရုံးမှ သိရသည်၊၊
(သတင်းစဉ်)