နေပြည်တော်   မေ   ၁၅

 

အားကောင်းသော  ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm)   “မိုခါ” (MOCHA)  ဝင်ရောက်မှု ကြောင့်    မုန်တိုင်း ဒဏ်သင့်ခဲ့ရသည့်   ဒေသများ၌    ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းတွင်  ရန်ကုန်တိုင်းစစ်ဌာနချုပ် ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်သည်။

 

အခမ်းအနားသို့     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ   ကောင်စီတွဲဖက် အတွင်းရေးမှူး   ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊  ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးအောင်နိုင်ဦး၊ ဒေါက်တာ ကံဇော်၊ ဦးမောင်မောင်အုန်းနှင့် ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီး      ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီး ချုပ်(လေ)  ဗိုလ်ချုပ်ကြီး  ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ  တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ စေတနာရှင်၊ အလှူရှင်များ တက်ရောက် ကြသည်။

 

တစ်တပ်တစ်အား ပါဝင်လှူဒါန်း

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မုန်တိုင်းဒဏ်သင့်ခဲ့ရသည့်     ဒေသများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှုတို့နှင့် ပတ်သက်၍ ပြောကြားရာတွင်  ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) ကြောင့် ရခိုင်ပြည်နယ် အတွင်း ထိခိုက်ပျက်စီးခဲ့ရသည့် ပျက်စီး ဆုံးရှုံးမှုများနှင့်    မုန်တိုင်းတိုက်ခတ်မှု ကြောင့် ထိခိုက်ခဲ့ရသည့်  ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ   အချို့ဒေသများမှ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့မှုများအတွက် နိုင်ငံတော်မှ   ဦးဆောင်၍   ဆောင်ရွက်သည့် ပြန်လည်ကယ်ဆယ်ရေးနှင့်  ထူထောင်ရေးလုပ်ငန်းများတွင် ယခုကဲ့သို့ တစ်တပ် တစ်အား ပါဝင်လှူဒါန်းကြသည့်အတွက် ဝမ်းမြောက်ပါကြောင်း။

 

ထိခိုက်မှုကို လျော့နည်းစေခဲ့

သဘာဝဘေးအန္တရာယ်ဆိုသည်မှာ မမျှော်မှန်းနိုင်သည့် ကိစ္စရပ်ဖြစ်ကြောင်း၊ သို့သော် ကြိုတင် ပြင်ဆင်မှုများ ကောင်းမွန်ခြင်းနှင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခြင်းများရှိပါက အတိုင်းအတာ တစ်ခုအထိ အနည်းငယ်လျော့ကျသွားနိုင်သည်ကိုလည်း  တွေ့ရကြောင်း၊  မုန်တိုင်းနှင့်ပတ်သက်၍ လွန်ခဲ့သည့် ၉  ရက်ခန့်ကတည်းက မုန်တိုင်းကျရောက်နိုင်ကြောင်း မိုးလေဝသသတင်းများအရ သိရှိခဲ့ရ ကြောင်း၊ အဆိုပါအချိန်တွင် တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် မုန်တိုင်းနှင့်    အိန္ဒိယ သမုဒ္ဒရာအတွင်း ဖြစ်ပေါ်နေသည့် မုန်တိုင်းတို့ဖြစ်ကြောင်း၊ အဆိုပါမုန်တိုင်း နှစ်ခုဆုံမည်ဆိုပါက မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်သည်ကို တာဝန်ရှိသူများက  မိမိထံလာရောက်တင်ပြခဲ့ကြောင်း၊ ထို့ကြောင့် အရေးပေါ်အစည်းအဝေးများကို  ဆောင်ရွက်စေပြီး ကြိုတင်ပြင်ဆင်မှုများကို      ဆောင်ရွက် စေခဲ့ကြောင်း၊ တောင်တရုတ်ပင်လယ်တွင်   ဖြစ်ပွားနေသည့် မုန်တိုင်းမှာအားနည်းပြီး ပျက်ပြယ် သွားသဖြင့် မိမိတို့နိုင်ငံအနေဖြင့် မုန်တိုင်းဒဏ်ထိခိုက်မှုကို လျော့နည်းစေခဲ့ကြောင်း။

 

မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး   ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး  စိုးဝင်းကို တာဝန်ပေး၍  ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်စေခဲ့ကြောင်း၊ မုန်တိုင်းသည် မိမိတို့နိုင်ငံအတွင်းသို့ ဝင်ရောက် နိုင်သည်ကို တာဝန်ရှိသူများက တင်ပြခဲ့သဖြင့် သိလျှင်သိချင်း သတိပေးချက်များကို ချက်ချင်း ထုတ်ပြန်စေခဲ့ပြီး ပြောင်းရွှေ့မှုများနှင့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်စေခဲ့ကြောင်း၊     ထို့ကြောင့် ယခုကဲ့သို့ မုန်တိုင်းဒဏ်ကျရောက်ချိန်တွင် လူအများထိခိုက်သေဆုံးမှုကို များစွာရှောင်ရှားနိုင်ခဲ့ပြီး      ယခုအချိန်အထိ သိရှိရသော သတင်းအချက်အလက်များအရ ငါးဦးသာ သေဆုံးခဲ့ကြောင်း၊ ကြိုတင် ပြင်ဆင်မှုများ ကောင်းမွန်စွာဆောင်ရွက် နိုင်ခဲ့ခြင်းကြောင့်   ထိခိုက်မှုအနည်းဆုံး ဖြင့်    ပြင်းထန်သည့်     မုန်တိုင်းဒဏ်ကို အောင်မြင်စွာ     ကျော်လွှားနိုင်ခဲ့ခြင်း ဖြစ်ကြောင်း။

 

မုန်တိုင်းကြောင့် ထိခိုက်မှုများဖြစ်ပေါ် ပြီးချိန်တွင် စေတနာရှင်၊ အလှူရှင်များက ပါဝင်လှူဒါန်း လိုကြောင်း သိရှိရခြင်းကြောင့် ယခုကဲ့သို့ လှူဒါန်းပွဲကို ကျင်းပ၍ အလှူငွေများကို လက်ခံခဲ့ခြင်း ဖြစ်ကြောင်း၊   “တိုင်းပြည်၏  အားသည် ပြည်တွင်းမှာသာရှိသည်”     ဆိုသည့်အတိုင်း   မိမိအနေဖြင့်    ခံယူထားပြီး ယခုကဲ့သို့ တိုင်းပြည်အတွက် လိုအပ်ချိန်တွင် အားတက်သရော ပါဝင်လှူဒါန်းခြင်း များကြောင့် ကျေးဇူးတင်ဝမ်းမြောက် ပါကြောင်း၊ AHA Center မှ တာဝန်ရှိသူ များအနေဖြင့်လည်း     အကူအညီများပေးအပ်နိုင်ရေး မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊  အလားတူ  အခြားနိုင်ငံ များအနေဖြင့်လည်း  အကူအညီများပေးအပ်ရန် ကမ်းလှမ်းလာကြောင်း။

 

ခွဲဝေလှူဒါန်းပေးသွားမည်

ယခုကဲ့သို့     မုန်တိုင်းဒဏ်သင့်ဒေသများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို  မည်သည့်တိုက်တွန်းမှုမှမပါဘဲ စေတနာအပြည့်ဖြင့် လာရောက်လှူဒါန်းကြခြင်းဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် ၂၀၂၁ ခုနှစ်မှစ၍ အခက်အခဲ အကျပ်အတည်းများကြားမှ ကျော်ဖြတ်နေရခြင်း ဖြစ်ကြောင်း၊ အဆိုပါ အခက်အခဲ  အကျပ်အတည်းများကို ကျော်ဖြတ်နေရချိန်တွင် ယခုကဲ့သို့     လှူဒါန်းနိုင်ခြင်း မှာလည်း စီးပွားရေးလုပ်ငန်းများ ပြန်လည်ကောင်းမွန်လာပြီး နိုင်ငံ၏စီးပွားရေး ပြန်လည်ကောင်းမွန် လာခြင်းကြောင့်ဖြစ်ကြောင်း၊   အလှူရှင်များ၏    စိတ်စေတနာနှင့်   စီးပွားရေးကောင်းမွန်လာသည့် အခြေအနေများကြောင့် လှူဒါန်းမှုများကို  ဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့  အခက်အခဲ  အကျပ်အတည်းများကို   ဖြတ်ကျော်ခဲ့ပြီး   နိုင်ငံအတွက် လိုအပ်သည့်အချိန်တွင် “လှည်းနေ လှေအောင်း မြင်းဇောင်းမကျန်” လှူဒါန်းမှုများကို    မိမိအနေဖြင့်  ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ယခုလှူဒါန်းမှုများကို ရခိုင်ပြည်နယ်အတွက်သာမက   အခြားမုန်တိုင်းဒဏ်ကြောင့်   ထိခိုက်ခဲ့ရသည့် ဒေသများကိုပါ ခွဲဝေလှူဒါန်းပေးသွားမည် ဖြစ်ကြောင်း။

 

ညီညီညွတ်ညွတ်ဖြင့်ဆောင်ရွက်

ယခုကဲ့သို့     တိုင်းပြည်အနေဖြင့် အခက်အခဲ ကြုံတွေ့နေရချိန်တွင်  စိတ်စေတနာ ထက်သန်စွာဖြင့် မည်သူ့၏ တိုက်တွန်းမှုမှမပါဘဲ ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းကြသူ အလှူရှင်များနှင့် အဝေးမှ လှူဒါန်းသည့် အလှူရှင်များ၏   စိတ်စေတနာကို    လေးစားတန်ဖိုးထားပါကြောင်း၊ ဝမ်းလည်း  ဝမ်းမြောက်ပါကြောင်း၊   “တိုင်းပြည်၏ အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုသည့်အတိုင်း      မိမိတို့ တိုင်းပြည်အတွက် ဆောင်ရွက်ချိန်တွင် အရေးကြီးမှ သွေးစည်းသည်မဟုတ်ဘဲ အရေးကြီးသည်ဖြစ်စေ၊       မကြီးသည်ဖြစ်စေ တိုင်းပြည်မှ   လိုအပ်လာချိန်တွင်    ညီညီ ညွတ်ညွတ်ဖြင့်     ဆောင်ရွက်ကြမည် ဆိုပါက  မိမိတို့တိုင်းပြည်  သွားချင်သည့် လမ်းကြောင်းပေါ်တွင် သာယာဖြောင့်ဖြူးစွာ လျှောက်လှမ်း နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

 

လက်ခံရယူ

ထို့နောက် မုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ဒေသများ၌    ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး   လုပ်ငန်းများ ဆောင်ရွက်ရာတွင်    အသုံးပြုနိုင်ရေး အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ မိသားစုများကိုယ်စား စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးက   အလှူငွေကျပ်သိန်း   ၁၀ဝ၀ဝ  ကို ပေးအပ်လှူဒါန်းရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က လက်ခံရယူသည်။

အလှူငွေပေးအပ်လှူဒါန်း

ထို့နောက် တက်ရောက်လာကြသည့် စေတနာရှင်၊ အလှူရှင်များက အလှူငွေ များကို    ဆက်လက် ပေးအပ်လှူဒါန်းရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လက်ခံရယူခဲ့ သည်။

 

သိန်းပေါင်း ၁၃၁၈၁၀  သိန်း ဖြစ်

မုန်တိုင်းဒဏ်သင့်ခဲ့ရသည့်   ဒေသ များ၌ ကူညီကယ်ဆယ်ရေးနှင့်   ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင်      အသုံးပြုနိုင်ရေးအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစု များနှင့်   စေတနာရှင်အလှူရှင်များက လှူဒါန်းငွေမှာ စုစုပေါင်း အလှူငွေကျပ် သိန်းပေါင်း ၁၃၁၈၁၀  သိန်း ဖြစ်သည်။

 

ရင်းရင်းနှီးနှီး နှုတ်ဆက်

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် တက်ရောက်လာကြသည့်  စေတနာရှင်၊ အလှူရှင်များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ ကြောင်း သတင်းရရှိသည်။

သတင်းစဉ်