မင်းဘူး မေ ၁၇
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့မှ ရေဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို မင်းဘူးခရိုင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက် ၉ နာရီက ဆင်ဖြူကျွန်းမြို့ နေ့စဉ်ဆွမ်းလောင်းအသင်းဓမ္မာရုံ၌ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
စိုင်ကလုန်းမုန်တိုင်း “မိုခါ” အရှိန်ကြောင့် ယခုလ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် မိုးသည်းထန်းစွာရွာသွန်းပြီး တောင်ကျရေများစီးဆင်း၍ စလင်းနွယ်တမယ်ချောင်း ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ကာ စလင်းမြို့နယ်နှင့် ဆင်ဖြူကျွန်းမြို့ရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၁၈)အုပ်စုမှ ရပ်ကွက်/ ကျေးရွာပေါင်း (၅၅)ရွာတွင် ရေဝင်ရောက်မှုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါရေဘေးကြောင့် မျောပါ/ပျက်စီး လူနေအိမ် ၈၇ လုံးနှင့် လူနေအိမ် ၂ လုံး မိုးလန်ပျက်စီးပြီး လူ ၃ ဦး သေဆုံးကာ တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း၊ ရေဘေးသင့်ပြည်သူများကို ကူညီကယ်ဆယ်ရေးအဖွဲ့များက ပြည်သူများနှင့်အတူ ပူးပေါင်းပြီး ရေဘေးလွတ်ရာ နေရာများနှင့် နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ယာယီပြောင်းရွှေ့ပေးထားကြောင်း မင်းဘူးခရိုင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက ပြောသည်။
အဆိုပါ ရေဘေးသင့်အိမ်ထောင်စုများအတွက် မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရေဘေးသင့်အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေကျပ် တစ်သိန်းနှုန်းဖြင့် (၈၇)သိန်း၊ လူဦးရေ (၃၆၄)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ ၇၆၄,၄၀၀ ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါပုံး တစ်ပုံးနှုန်း၊ သေဆုံးသူ ၃ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၃)သိန်းနှုန်းဖြင့် (၉)သိန်းကျပ်၊ ဒဏ်ရာရရှိသူတစ်ဦးအတွက် ထောက်ပံ့ငွေ ၅၀၀၀၀ ကျပ်နှင့် အမိုးလန် နေအိမ်နှစ်လုံးအတွက် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ၆၀၀၀၀ ကျပ်တို့ကို မင်းဘူးခရိုင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များက အသီးသီးပေးအပ်ခဲ့ကြပြီး စုစုပေါင်း ထောက်ပံ့ပေးအပ်ငွေမှာ ၁၀,၄၇၄,၄၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)