နေပြည်တော် မေ ၁၇
ကမ္ဘောဒီးယားနိုင်ငံတွင်ကျင်းပသည့် (၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့က ရွှေတံဆိပ် ၂၁ ခု၊ ငွေတံဆိပ် ၂၅ ခု၊ ကြေးတံဆိပ် ၆၈ ခု ဆွတ်ခူးရရှိပြီး နိုင်ငံအလိုက် ဆုရရှိမှုတွင် အဆင့် (၈) နေရာ ရပ်တည်ခဲ့သည်။
မြန်မာအားကစားအဖွဲ့သည် ၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ်ကိုးခု၊ ငွေတံဆိပ် ၁၈ ခု၊ ကြေးတံဆိပ် ၃၅ ခုရရှိခဲ့သော်လည်း ယခု (၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ်အပါအဝင် ငွေနှင့် ကြေးတံဆိပ်အားလုံး ရရှိမှုမှာ သိသိသာသာတိုးတက်လာခဲ့ပြီး ရွှေတံဆိပ် ၂၁ ခု၊ ငွေတံဆိပ် ၂၅ ခု၊ ကြေးတံဆိပ် ၆၈ ခုအထိ ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာအားကစားအဖွဲ့သည် အားကစားနည်း ၂၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် ၂၁ ခုအပါအဝင် ဆုတံဆိပ်စုစုပေါင်း ၁၁၄ ခု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအားကစားအဖွဲ့အနေဖြင့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲနောက်ပိုင်း ရွှေတံဆိပ်အများဆုံး ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာအားကစားအဖွဲ့အတွက် ဆုတံဆိပ်များကို ဗိုဗီနမ်အားကစားအဖွဲ့က ရွှေတံဆိပ်လေးခု၊ ငွေတံဆိပ် သုံးခု၊ ကြေးတံဆိပ် ၁၇ ခု၊ ခြင်းလုံးအသင်းက ရွှေတံဆိပ်လေးခု၊ ငွေတံဆိပ်သုံးခု၊ ကြေးတံဆိပ်တစ်ခု၊ ဘိလိယက်/စနူကာအဖွဲ့က ရွှေတံဆိပ်သုံးခု၊ ကြေးတံဆိပ်နှစ်ခု၊ Arnis အဖွဲ့က ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်ရှစ်ခု၊ ပိုက်ကျော်ခြင်းအသင်းက ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်တစ်ခု၊ Kun Bokator အားကစားအဖွဲ့က ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ် ခြောက်ခု၊ ရိုးရာလှေအဖွဲ့က ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်ငါးခု၊ ကြေးတံဆိပ်နှစ်ခု၊ ဝူရှူးအဖွဲ့က ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်သုံးခု၊ ကြေးတံဆိပ်သုံးခု၊ တိုက်ကွမ်ဒိုအဖွဲ့က ရွှေတံဆိပ်တစ်ခု၊ ကြေးတံဆိပ် လေးခု၊ အလေးမအဖွဲ့က ရွှေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်နှစ်ခု၊ ပီတန်းအဖွဲ့က ရွှေတံဆိပ်တစ်ခု၊ Kun Khmer အဖွဲ့က ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ် ခုနစ်ခု၊ ဂျူဒိုအဖွဲ့က ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ် သုံးခု၊ ဘောလုံးနှင့် ကြက်တောင်အဖွဲ့က ငွေတံဆိပ်တစ်ခုစီ၊ လက်ဝှေ့အဖွဲ့က ကြေးတံဆိပ် ခြောက်ခု၊ စစ်တုရင်နှင့် ပြေးခုန်ပစ်အဖွဲ့က ကြေးတံဆိပ်နှစ်ခုစီ၊ ခရစ်ကတ်နှင့် Esports အဖွဲ့က ကြေးတံဆိပ် တစ်ခုစီ ဆွတ်ခူးရရှိခဲ့သည်။
(၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို မေ ၅ ရက်မှ ၁၇ ရက်အထိ (အားကစားနည်းအချို့ကို ဧပြီ ၂၉ ရက်ကတည်းက စတင်ကျင်းပ) ကျင်းပခဲ့ပြီး အရှေ့တောင်အာရှနိုင်ငံ ၁၁ နိုင်ငံစလုံး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ယခုပြိုင်ပွဲတွင် ဆုတံဆိပ်ချီးမြင့်သည့် အားကစားနည်း ၃၆ မျိုး ထည့်သွင်းကျင်းပခဲ့ပြီး ရွှေတံဆိပ်စုစုပေါင်း ၅၈၆ ခု ချီးမြင့်ခဲ့သည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-seagames2023